Politics, Law & Military
လူကုန်ကူးခံရသူတို့အား ၂၀၁၇ ခုနှစ်အတွင်း ကျပ် ၉၄ သန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့ဟု ဆို
နေပြည်တော်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)
၂၀၁၇ ခုနှစ်အတွင်း လူကုန်ကူးခံရသူတို့အား ငွေကျပ် ၉၄ သန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့သည်ဟု လူကုန်ကူးမှု တားဆီး ကာကွယ်ရေးနှင့် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရေး လုပ်ငန်း အဖွဲ့နှင့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး၊ လူကုန်ကူး ခံရသူများအား ပြန်လည် လက်ခံရေး၊ ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ရှာဖွေရေး နှင့် ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ပြည်ထဲရေးဝန်ကြီးဌာနတွင် ယနေ့နေ့လယ်ပိုင်း ပြုလုပ်ခဲ့သော အဆိုပါ ကော်မတီ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။
“လူကုန်ကူးခံရသူတွေကို ကူညီ ထောက်ပံ့နိုင်ဖို့ သီးသန့် ရန်ပုံငွေ မရှိပေမယ့် ရှိပြီး ဖြစ်တဲ့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့က ခွဲဝေချထားတဲ့ ဘဏ္ဍာငွေထဲကနေ ပံ့ပိုးကူညီနေပါတယ်၊ ၂၀၁၇ ခုနှစ်အတွင်းမှာ တော့ လူကုန်ကူးခံရသူ ကျား ၆၄ ဦး၊ မ ၃၁၃ ဦး – စုစုပေါင်း ၃၃၇ ဦးတို့အတွက် ကျပ် ၉၄၃၉၇၁၀၀ ကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။
လူကုန်ကူးခံရမှု တားဆီးကာကွယ်ရေး၊ လူကုန်ကူးခံရသူများအား ပြန်လည် လက်ခံရေးနှင့် ပြန်လည် ထူထောင်ရန် ရန်ပုံငွေ ရှာဖွေရေးနှင့် ကြီးကြပ်ရေး ကော်မတီတို့၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးမြင်ကွင်း (ဆင်ဟွာ)
ထိုသို့ ကူညီထောက်ပံ့နိုင်ရန် သီးခြား ရန်ပုံငွေ ထူထောင်ရေးအတွက် ဘဏ္ဍာရေး စည်းမျဉ်း မူကြမ်းကို ရေးဆွဲပြီး အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းလည်း ၎င်းက ပြောခဲ့သည်။ လူကုန်ကူးမှု တတိယ ငါးနှစ် (၂၀၁၇ – ၂၀၂၁) စီမံကိန်းပါ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် စောင့်ကြည့်လေ့လာ အကဲဖြတ်ရေး မူဘောင် ရေးဆွဲဆောင်ရွက်ခြင်း၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး (ဗဟို) ၏ ရန်ပုံငွေ ရှာဖွေရေးနှင့် ကြီးကြပ်ရေး ကော်မတီက ဘဏ္ဍာရေး စည်းမျဉ်း မူကြမ်း ရေးဆွဲခြင်းစသည့် အဓိက လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လူကုန်ကူးမှု ကာကွယ်ရေးဆိုင်ရာ ပညာပေးလုပ်ငန်းများကို နယ်ပယ်စုံတွင် ကျယ်ပြန့်စွာ ဆောင်ရွက် လျက် ရှိကြောင်း၊ ဒေသ အသီးသီးနှင့် ကိုက်ညီသည့် သီးခြား စီမံချက်များ ရေးဆွဲ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုသို့ဆောင်ရွက်မှုများကြောင့် ၂၀၁၇ ခုနှစ် အမေရိကန်နိုင်ငံ၏ လူကုန်ကူးမှု အစီရင်ခံစာ တွင် မြန်မာနိုင်ငံအပေါ် Tier 3 အဆင့်မှ Tier 2 Watch List အဆင့်သို့ မြှင့်တင် သတ်မှတ်ခဲ့သည့် အတွက် ဂုဏ်ယူကြောင်းနှင့် လုပ်ငန်း ကော်မတီ အဖွဲ့များအနေဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ဖြေရှင်းနိုင်ရန် အချင်းချင်း ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။ (Xinhua)