Politics, Law & Military
လေးရက်အတွင်း သန်း ၁၈ဝ ကျော်ဖိုး အကောက်ခွန်မဲ့ပစ္စည်း သိမ်းဆည်းရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)
အကောက်ခွန်ဦးစီးဌာနမှ လေးရက်အတွင်း အကောက်ခွန်မဲ့ပစ္စည်း ကျပ်သန်း ၁၈ဝ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်း များနှင့် အကောက်ခွန်နယ်မြေ ဒေသအသီးသီတို့တွင် ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၄ ရက်အတွင်း တင်သွင်း/တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်း/တင်ပို့သော ကုန်ပစ္စည်းများအား စစ်ဆေးရှာဖွေအရေးယူမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဆိပ်ကမ်းမှ တားဆီးမှု တစ်မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ခြောက်သန်းခန့်ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးမှူးရုံးက တားဆီးမှု တစ်မှု၊ ခန့်မှန်း တန်ဖိုးကျပ် ၃၄.၁ သန်းခန့်ကိုလည်းကောင်း၊ ရေပူစစ်ဆေးရေးစခန်းက တားဆီးမှု တစ်မှု၊ ခန့်မှန်းတန်ဖိုးကျပ် ၁၄၉.၂၂၅ သန်းခန့်ကို လည်းကောင်း တားဆီး/ဖမ်းဆီးမှု အသီးသီးပြုလုပ်ခဲ့ရာ စုစုပေါင်း ၁၁ မှုနှင့် ခန့်မှန်းတန်ဖိုး ၁၈၉.၃၂၅ သန်းခန့်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးမှုများအနက် ဖေဖော်ဝါရီ ၂ ရက်တွင် မန္တလေးဘက်မှ မောင်းနှင်လာသည့် ခရီးသည်တင် မှန်လုံယာဉ်အား စစ်ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ဇာပန်းထိုး အထည် အလိပ်များ ၁၈၉၇ ကီလိုဂရမ်နှင့် အထည်ချုပ်လုပ်ငန်းသုံးပစ္စည်းများ သေတ္တာ နှစ်လုံး စုစုပေါင်းခန့်မှန်းတန်ဖိုးကျပ် ၁၂၁.ဝ၃ သန်းခန့်ကို တားဆီးခဲ့ ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)