Politics, Law & Military
လျှပ်စစ်ဓာတ်အားသုံးစွဲမှု ယူနစ် ၁၅၀ထိ ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် တတိယအကြိမ်မြောက် ထပ်မံပေး

ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၁ ယူနစ်မှ ၁၅၀ ယူနစ်ထိ စုစုပေါင်း (၁၅၀) ယူနစ်ကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) တတိယအကြိမ်မြောက် ထပ်မံပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ်ရေး တိုးမြှင့်ခဲ့သည့် ဇွန်လ (၁) ရက်မှ ဇွန်လ (၃၀) ရက်နေ့အထိ ကာလအတွင်း ပြည်သူများ၊ ဘာသာရေး အဖွဲ့ အစည်းများနှင့် ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများ (သံရုံးများ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အဖွဲ့ အစည်းများ(မပါ)) အတွက် အိမ်သုံး အမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၁ ယူနစ်မှ ၁၅၀ ယူနစ်ထိ စုစုပေါင်း(၁၅၀)ယူနစ်ကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ထပ်မံ ပေးသွားမည်ဖြစ်ပါ ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သော မီတာခကင်းလွတ်ခွင့် ကြေညာချက်အားတွေ့ရစဉ်(ဓာတ်ပုံ-လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန)
အဆိုပါ ရောဂါထိန်းချုပ်ရေးကာလအတွင်း ဧပြီလနှင့် မေလတွင် ၂ကြိမ် မီတာယူနစ်(၁၅၀)ကိုကင်းလွတ်ခွင့်ပေးခဲ့ပြီး တတိယအကြိမ်အဖြစ် ယခု ဇွန်လကို ကင်းလွတ်ခွင့် ထပ်မံပေးခဲ့ကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၁) ယူနစ်မှ (၁၅၀) ယူနစ်အထိ သုံးစွဲသူများကို သုံးစွဲယူနစ်အလိုက် ဓာတ်အားခကျသင့်ငွေနှင့် မီတာဝန်ဆောင်ခ အပါ အဝင် ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ပြီး (၁၅၁) ယူနစ်နှင့်အထက် သုံးစွဲသူများကို ယူနစ် (၁၅၀) အတွက် ဓာတ်အားခကျသင့်ငွေ (၁၁၅၅ဝိ/-) ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ကြောင်း သိရသည်။
အိမ်သုံးအမျိုးအစား၌ လျှပ်စစ်မီးသုံးစွဲသူများမှ (၁၅၁) ယူနစ်နှင့်အထက် သုံးစွဲမှုများအား အလွှာလိုက်သတ်မှတ်ချက်နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လျှပ်စစ်မီတာသုံးစွဲခွင့်များအား ပထမအကြိမ် ကင်းလွတ် ခွင့်ပေးစဉ်က ပြည်သူများအကြားဝေဖန်မှုမြင့်တက်ခဲ့သည့်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မီတာသုံးစွဲသည့် ယူနစ်တွက်ချက်ပုံများအား သတင်းထုတ်ပြန်ချက်တွင် တရားဝင်ဖော်ပြထားကြောင်း သိရသည်။ (Xinhua)