Connect with us

Politics, Law & Military

လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်နိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အကြောင်းကြား

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သတင်းစာ ရှင်းလင်းပွဲ (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ယခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများထံ ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းထားရှိပြီး စိစစ်ရာတွင် အချို့လွှတ်တော် မဲဆန္ဒနယ်များ၌ မဲဆန္ဒနယ် တစ်ခုတည်း အတွက်ပင် နိုင်ငံရေးပါတီ တစ်ခုတည်း ကိုယ်စားပြု၍ အမည်စာရင်း တင်သွင်းသူ နှစ်ဦး ရှိကြောင်းများကို စိစစ်တွေ့ရှိရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထ့ိုပြင် လွှတ်တော် မဲဆန္ဒနယ် တစ်ခုတွင် ယှဉ်ပြိုင် အရွေးခံရန် အမည်စာရင်း တင်သွင်းပြီးသည့်နောက် ၎င်း၏ အမည်စာရင်း တင်သွင်းလွှာကို ရုပ်သိမ်းပြီး အခြားလွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်း ထပ်မံ တင်သွင်းမှုများ ရှိခဲ့ကြောင်း စိစစ်တွေ့ရှိရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီများ အားလုံးနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်များ အားလုံးထံ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်း လွှာများကို စိစစ်နိုင်ရန် ပေးပို့ထားသော အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အသီးသီးတို့က လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စိစစ်ရာ၌ မှန်ကန်မှု ရှိစေရေး၊ နှောင့်နှေး ကြန့်ကြာမှု မရှိစေရေး၊ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်းများ နစ်နာမှု မရှိစေရေးတို့ အတွက် အမည်စာရင်း တင်သွင်းလွှာများကို စိစစ်ရန် သတ်မှတ်ထားသော နေ့ရက်၊ အချိန်နှင့် နေရာသို့ အမည်စာရင်း တင်သွင်းထားသော လွှတ်တော် ကိုယ်စားလှယ်လောင်းများ ကိုယ်တိုင် အလေးထား၍ သွားရောက်နိုင်ရေးနှင့် အမည်စာရင်း တင်သွင်းထားသော ပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေဖြင့်လည်း ကိုယ်စားလှယ်လောင်း စိစစ်ချိန်တွင် မိမိတို့ကိုယ်တိုင် သွားရောက်နိုင်ရေး အထူးအလေးထား ဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော်ထားသည်။

ယခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁,၇၇၂ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း ၉၁၃ ဦး၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ၃,၅၀၄ ဦး (တိုင်းရင်းသား လူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၆၃ ဦး အပါအဝင်) စုစုပေါင်း ကိုယ်စားလှယ်လောင်း ၆,၁၈၉ ဦး ရှိကြောင်း သိရသည်။

လွှတ်တော် အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း တင်သွင်းခြင်းများကို ဇူလိုင်လ ၇ ရက်မှ သြဂုတ် ၁၄ ရက်နေ့အတွင်း လည်းကောင်း ၊ လွှတ်တော် ကိုယ်စားလှယ်လောင်း၏ အမည်စာရင်း တင်သွင်းလွှာကို ရုပ်သိမ်းလိုပါက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်ကို သြဂုတ်လ ၁၇ ရက်နေ့အတွင်း လည်းကောင်း သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲများထံ တင်သွင်းနိုင်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စိစစ်မည့်ရက်ကို သြဂုတ်လ ၁၈ မှ ၂၇ ရက်ထိ ဖြစ်ကြောင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သတ်မှတ် ကြေငြာထားပြီး ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.