Politics, Law & Military
လ.ဝ.ကကို ပြည်ထဲရေး ဝန်ကြီးဌာနအောက် ပြောင်းရွှေ့ရေး အဆို လက်ရှိအချိန်တွင် ဆောင်ရွက်ရန် မသင့်ဟု ပြည်ထောင်စု လွှတ်တော် ဆုံးဖြတ်
နေပြည်တော်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)
လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအား ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ရေး ကိစ္စအား လက်ရှိ အချိန်တွင် ဆောင်ရွက်ရန် မသင့်ကြောင်း ပြည်ထောင်စု လွှတ်တော်မှ ယနေ့ ဆုံးဖြတ် လိုက်သည်။
လွှတ်တော် သက်တမ်း ကုန်ဆုံးမည့်ရက် နီးကပ်နေခြင်း၊ ထိုကိစ္စရပ်များကို နောင်လာမည့် အစိုးရအဖွဲ့ကသာ ဆောင်ရွက်သင့်ခြင်း ဟူသည့် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထား မှတ်ချက်အပေါ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံးနီးပါးက ထောက်ခံ အတည်ပြုခဲ့သည်။
လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန ၏ ကွပ်ကဲမှုအောက်သို့ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အားဦးစီးဌာန အဖြစ် ထည့်သွင်း ဖွဲ့စည်းရန် နိုင်ငံတော် သမ္မတက ဇန်နဝါရီလ ၂၆ ရက် ရက်စွဲဖြင့် ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ခဲ့သည်။
အဆိုပါ သမ္မတ၏ သဝဏ်လွှာတွင် လ.ဝ.က ၏ တာဝန်ကို ပိုမို ထိရောက်စွာ ဆောင်ရွက်ရန်၊ ဝန်ကြီးဌာနများ ကျစ်လစ်စွာ ဖွဲ့စည်းရန်၊ ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်၊ တရားမဝင်ခိုးဝင် ခိုးထွက်များနှင့် ပတ်သက်၍ ဟန်ချက်ညီညီ ဆောင်ရွက်ရန် နှင့် ပြည်သူ့ဝန်ဆောင်မှု ရုံးများ၏ လုပ်ငန်းစဉ်များကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် စသည့် အချက်အပါအဝင် ၅ ချက်ကို ထည့်သွင်း၍ ပေးပို့ထားခြင်း ဖြစ်သည်။ (Xinhua)