Connect with us

Politics, Law & Military

ရွေးကောက်ပွဲ ရလဒ်များအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြီး ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး တာဝန်များကို ထမ်းဆောင်တော့မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဆို

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဇန်နဝါရီလ ၂၈ ရက်က မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ- နိုင်ငံတော်သမ္မတရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အရေးကြီးသည့် အထွေထွေ ရွေးကောက်ပွဲကြီးအား ကျင်းပ ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်များအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်ပြီး ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး တာဝန်များကို ထမ်းဆောင်တော့မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ပြည်ထောင်စု လွှတ်တော်တွင် မိန့်ခွန်း ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်သည် အစိုးရသက်တမ်း ၅ နှစ်တာ အတွင်း အစိုးရ၏ ဆောင်ရွက်ခဲ့မှုများကို ယနေ့နံနက်တွင် ပြည်ထောင်စု လွှတ်တော်မှ တစ်ဆင့် ပြည်သူလူထုသို့ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ရွေးကောက်ပွဲ မတိုင်မီက ကတိပြုထားတဲ့အတိုင်း ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ အစိုးရအဖွဲ့ကို စနစ်တကျ တာဝန် လွှဲပြောင်းနိုင်ရေး အတွက် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ပြဋ္ဌာန်းချက်များနဲ့ အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၎င်းတာဝန် လွှဲပြောင်းမှုသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့် အချိန်မှ စပြီး ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲမှ တဆင့် ပေါ်ပေါက်လာသည့် အစိုးရနှင့် နိုင်ငံတော် အကြီးအကဲ က နောက် အထွေထွေ ရွေးကောက်ပွဲ မှ ပေါ်ပေါက်လာသည့် အစိုးရ နှင့် နိုင်ငံတော် အကြီးအကဲအား တည်ငြိမ်အေးချမ်းစွာ တာဝန် လွှဲပြောင်းပေးသည့် ပထမဆုံး ဖြစ်စဉ် ဖြစ်ကြောင်း၊ အရေးကြီးသည့် တာဝန်လွှဲပြောင်းမှုအား စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဒီနေရာကနေ ထပ်မံ ကတိပြု ပြောကြားလိုကြောင်း သမ္မတဦးသိန်းစိန် က ၎င်းမိန့်ခွန်းထဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်က “ သက်တမ်း အလိုက် ပုံမှန်ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီစနစ်ရဲ့ အင်္ဂါရပ် တစ်ခုပဲဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲများကနေ ပြည်သူများရဲ့ အဆုံးအဖြတ် အတိုင်း နိုင်ငံရေး ပါတီများရဲ့ အနိုင်၊ အရှုံးဆိုတာလည်း ပေါ်ပေါက်နေမှာ ဖြစ်ပါတယ်။ အများစု အနိုင်ရတဲ့ ပါတီများက နိုင်ငံနဲ့ ပြည်သူ အကျိုးစီးပွား အတွက် အကောင်အထည်ဖော် ဆောင်ရွက်သလို အနည်းစု ပါတီများကလည်း အမျိုးသား အကျိုးစီးပွား အခြေခံပေါ်ကနေ ပူးပေါင်းဆောင်ရွက်ခြင်း၊ လိုအပ်ရင် အပြုသဘောဆောင် ဝေဖန် ထောက်ပြခြင်းများ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်’’ ဟုပြောသည်။
ယနေ့ မြန်မာနိုင်ငံ၏ ပကတိ အရှိတရားအရ မည်သည့် ပါတီက တာဝန်ယူသည် ဖြစ်စေ တိုင်းပြည်တည် ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ၎င်းတာဝန်အား အကောင်အထည် ဖော်နိုင်ရန် အတွက် မိမိ နှင့် အစိုးရအဖွဲ့ဝင်အားလုံးက နောက်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် လည်း နောင်လွှတ်တော်များ မှာ မပါဝင်တော့ဘူးဆိုလျင်တောင် လွှတ်တော် ပြင်ပကနေ နိုင်ငံတည် ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပူးပေါင်း ပါဝင် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုကြောင်း သမ္မတ ဦးသိန်းစိန်မှ ၎င်းမိန့်ခွန်းထဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

လာမည့် မတ်လ ၃၀ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ သက်တမ်း သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။ သမ္မတ ဦးသိန်းစိန် က ၎င်းတို့တာဝန်ယူခဲ့ သည့် သက်တမ်း အတွင်း ပြည်သူများ နှင့် တကွ ပူးပေါင်း ဆောင်ရွက်ခဲ့သူ အားလုံးအား ကျေးဇူးတင်ကြောင်း၊ နောက်ပေါ်ပေါက်လာမည့် အစိုးရ နှင့် လွှတ်တော်များ အနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးကို ပိုမို အေးချမ်းသာယာပြီး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက ်နိုင်စေကြောင်း ဆုတောင်းစကား ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်က “ မိဘပြည်သူ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံး ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ ဥမကွဲ သိုက်မပျက် အေးအတူပူအမျှ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်’’ ဟု နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.