Connect with us

Politics, Law & Military

သမ္မတ ဦးသိန်းစိန် မဲဆန္ဒနယ် အတွက် လျာထားသူမရှိဟု ပြည်ခိုင်ဖြိုး ပါတီဆို

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် အသိအမှတ်ပြု တာဝန်ပေးအပ်ပွဲ အခမ်းအနားအပြီး သတင်းစာ ရှင်းလင်းပွဲတွင် အထွေထွေ အတွင်းရေးမှူး ရန်ကုန်တိုင်း တာဝန်ခံ ဦးမောင်မောင်သိမ်းအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် နေပြည်တော် ဇဗ္ဗူသီရိ မဲဆန္ဒနယ် နေရာအတွက် လျာထားသူ မရှိသေးကြောင်း အဆိုပါ ပါတီ အထွေထွေ အတွင်းရေးမှူး ရန်ကုန်တိုင်း တာဝန်ခံ ဦးမောင်မောင်သိမ်းက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“သမ္မတကြီး အနေနဲ့ စဉ်းစားရင် စဉ်းစားလို့ရအောင် အဲဒီ နေရာကို ဘယ်သူ့မှ လျာထားတာ မရှိဘူး” ဟု ၎င်းက ဆိုသည်။

သမ္မတရုံး ဝန်ကြီးများ ဖြစ်သည့် ဦးသိန်းညွှန့်မှ မအူပင် မဲဆန္ဒနယ်၊ ဦးစိုးအောင်မှ ရေစကြိုမဲဆန္ဒနယ်၊ ဦးလှထွန်းမှ ကျောက်ပန်းတောင်း မဲဆန္ဒနယ်၊ ဦးတင်နိုင်သိန်းမှ ကလော မဲဆန္ဒနယ်တို့မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိမ်း တို့သည် ကယားပြည် နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အဆိုပြု ထားသော်လည်း ပါတီအနေဖြင့် မူလ မဲဆန္ဒနယ်မြေမှသာ ဝင်ရောက် ယှဉ်ပြိုင်ရန် ပြန်အကြောင်းကြား ထားကြောင်း ဦးမောင်မောင်သိမ်းက ဆိုသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဌ ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေသည် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ် ပြိုင်မဟုတ်ကြောင်း အထွေထွေ အတွင်းရေးမှူး ရန်ကုန်တိုင်း တာဝန်ခံ ဦးမောင်မောင်သိမ်းက ဆိုသည်။

“ညှိနှိုင်းနေတုန်းပဲ ပြိုင်ရင်လဲ အများ လက်ခံတဲ့ နေရာကနေ ပြိုင်မယ်”ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက ရန်ကုန်တိုင်း ကိုယ်စားလှယ် ခန့်အပ်ပွဲ အခမ်းအနားတွင် မေးမြန်းမှုကို ဖြေကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် ဝန်ကြီး သုံးဦးဖြစ်သည့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းမြင့်မှ ကျောက်တန်း မဲဆန္ဒနယ်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်စိုးမှ လှည်းကူးမဲဆန္ဒနယ်၊ ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ သန်းအောင်မှ လမ်းမတော် မဲဆန္ဒနယ် တို့တွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး စီပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာပွင့်ဆန်းမှ မရမ်းကုန်း မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်မှ ရွှေပြည်သာ မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့ လွှတ်တော် အတွက် ၄၅ ဦး၊ အမျိုးသား လွှတ်တော်အတွက် ၁၂ ဦး၊ တိုင်းဒေသကြီး အတွက် ၉၀ ဦး၊ ကရင် ပြည်နယ်အတွက် တစ်ဦးနှင့် ရခိုင် ပြည်နယ် အတွက် တစ်ဦး စုစုပေါင်း ၁၄၉ နေရာပြည့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအနေဖြင့် သြဂုတ်လ ၅ ရက်နေ့တွင် ရွေးကောက်ပွဲ ၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက်မည့် ကိုယ်စားလှယ်လောင်း စာရင်းများကို ထုတ်ပြန် ကြေညာမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.