Politics, Law & Military
သာစည်မြို့နယ်တွင် လက်နက်များဖမ်းဆီးရမိမှုမှ ဆက်စပ်တရားခံနှစ်ဦး ထပ်မံဖမ်းမိ
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် လက်နက်များဖမ်းဆီးရမိမှုနှင့် ဆက်စပ်သော တရားခံနှစ်ဦးကို ထပ်မံ ဖမ်းဆီးရမိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ တရားခံနှစ်ဦးဖြစ်သည့် ချမ်းမြသာစည်မြို့နယ်နေ ကားအဝယ်အရောင်းလုပ်ကိုင်သူ အောင်စိုးမင်း (ခ) ကိုစိုး(၃၉)နှစ်နှင့် အရောင်းအဝယ်လုပ်ကိုင်သူ သန်းလှိုင် (၂၆)နှစ်တို့ (၂)ဦးအား မြဝတီမြို့ (၄)ရပ်ကွက် ရှိ Grade One ဟိုတယ်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ Vigo ယာဉ်ပေါ်မှTNT ယမ်းတုံး (၇၀) တုံးနှင့် ဒီတိုနေတာ (၁၂)ခု တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ် ကျွဲတပ်ဆုံတိုးဂိတ်တွင် ဇူလိုင် ၁၉ ရက်နေ့ည ၁၀ နာရီ အချိန်ခန့်က မန္တလေးသို့ ပို့ဆောင်မည့် မောင်းပြန်သေနတ်(၂၂)လက်ဖမ်းဆီးရမိခဲ့ပြီး အဆိုပါဖမ်းဆီးရမိ တရားခံ နေစိုးထွေးမင်း (ခ) ကိုစိုင်းအား စစ်ဆေးမေးမြန်းခဲ့ရာမှ ယခု တရားခံနှစ်ဦးကို ထပ်မံဖမ်းမိထားကြောင်း သိရသည်။
ယင်း အမှုနှင့် ပတ်သက်ပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)