Politics, Law & Military
အစိုးရ ဝန်ကြီးဌာန ၂ ခု အမည် ပြောင်းလဲ ပြင်ဆင် သတ်မှတ်ခြင်း ပြည်ထောင်စု လွှတ်တော် အတည်ပြု
နေပြည်တော် ၊ မေ ၂၃ ရက် (ဆင်ဟွာ)
ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာန ၂ ခု၏ အမည်များကို တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာန အဖြစ် လည်းကောင်း ၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန အဖြစ် လည်းကောင်း ပြောင်းလဲ ပြင်ဆင် သတ်မှတ်ခြင်းကို ယနေ့မေလ ၂၃ ရက် ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အတည်ပြုကြောင်း ကြေညာခဲ့သည်။
ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာန ၂ ခု၏ အမည်များ ပြောင်းလဲ ပြင်ဆင် သတ်မှတ်ခြင်းကို နိုင်ငံတော် သမ္မတထံမှ ပြည်ထောင်စု လွှတ်တော် နာယကထံသို့မေလ ၁၇ ရက်တွင် သဝဏ်လွှာ ပေးပို့ခဲ့ခြင်း အပေါ် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးခြင်း ၊ လွှတ်တော်၏ ဆန္ဒသဘောထားများ ရယူပြီး အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန အဖြစ် ပေါင်းစပ် ဖွဲ့စည်းခြင်း အပေါ် စစ်ကိုင်း တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၈ မှ ဦးကိုကိုနိုင်က ထောက်ခံ ဆွေးနွေး တင်ပြရာတွင် ယခု ဖွဲ့စည်း ပြင်ဆင်လိုက်သည့် ဝန်ကြီးဌာနသည် အရေးပါသည့် ဝန်ကြီးဌာန နှစ်ခုကို ပေါင်းစပ် ဖွဲ့စည်းသည့် ဝန်ကြီးဌာန ဖြစ်သည့် အတွက် ဒုတိယ ဝန်ကြီး တစ်ဦး ခန့်အပ်မည် ဆိုပါက လုပ်ငန်းများ ပိုမို အောင်မြင်စွာ ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ယင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးများက ပြန်လည် ရှင်းလင်း ဆွေးနွေးခြင်းများ ပြုလုပ်ပြီး ဝန်ကြီးဌာန တစ်ခုချင်းစီအလိုက် လွှတ်တော်၏ သဘောဆန္ဒ ရယူ အတည်ပြုခဲ့သည်။
ကျန်းမာရေး ဝန်ကြီးဌာနနှင့် အားကစား ဝန်ကြီးဌာန ကို ပေါင်းစပ် ဖွဲ့စည်းထားသည့် ဝန်ကြီးဌာန အမည်ကို ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန အဖြစ် လည်းကောင်း တိုင်းရင်းသား ရေးရာ ဝန်ကြီးဌာနကို တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာန အဖြစ် လည်းကောင်း ပြောင်းလဲ ပြင်ဆင် သတ်မှတ်ခဲ့သည်။ (Xinhua)