Connect with us

Politics, Law & Military

အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများအတွက် ယာဉ်စည်းကမ်းလိုက်နာရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ ကြေညာချက်ထုတ်ပြန်

အမြန်လမ်း စစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးအား အသုံးပြုသွားလာလျက်ရှိသည့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက်ယာဉ်မောင်းများ သိရှိလိုက်နာနိုင်ရန် အသိပေးချက် အား အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ မှ မတ်လ ၇ ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။

ပွင့်လင်းရာသီ ဖြစ်သည့်အတွက် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအား အသုံးပြု၍ ဘုရားဖူးထွက်ခြင်း၊ အပန်းဖြေခရီးသွားလာမှုများ ရှိလာသဖြင့် ယာဉ်သွားလာမှု များပြားသည့်အပြင် နွေရာသီကာလရှည် ကျောင်းများပိတ်သည့်ကာလဖြစ်သဖြင့် ကျောင်းသူ/ကျောင်းသား များမှလည်း ခရီးသွားလာမှုများရှိသဖြင့် အမြန်လမ်းမကြီးပေါ်တွင် တစ်နေ့လျှင် ပျမ်းမျှယာဉ်စီးရေ (၁၉,၀၀၀)ကျော် သွားလာလျှက်ရှိကြောင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ( ၃၂၃/၂ ) နှင့် ( ၃၂၃/၃ ) အကြား နေပြည်တော်မှ မန္တလေးသို့သွားသည့်လမ်းတွင် ၂၀၁၆ ခုနှစ်၊ မတ်လ(၆)ရက်နေ့၊ နံနက်(ဝရး၂၀)နာရီအချိန် ခန့်တွင်ယာဉ်မောင်း ဦးခင်မောင်ဆွေ (၆၁)နှစ် (ဘ) ဦးမောင်တင်၊ အင်းစိန်မြို့နယ်နေသူ မောင်းနှင်သော MITSUBISHI DELICA PICK UP(အဖြူရောင်)၊ ယာဉ်အမှတ်၊5G/5254 သည် ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း တံတားအဝင်တွင် ကာရံထားသည့် Concrete Barrier အား ထိပ်မှ ဝင်ရောက် တိုက်မိသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်တွင် ယာဉ်ပေါ်၌ ယာဉ်မောင်းအပါအဝင် အမျိုးသား(၈) ဦး၊ အမျိုးသမီး(၁၈) ဦး၊ စုစုပေါင်း(၂၆) ဦး ပါရှိ၍ ယာဉ်မောင်းမှာ အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးသွားခဲ့ပြီး ကျန်လူနာများအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာတွင် ဆေးရုံသို့ရောက်ရှိပြီး အမျိုးသား (၂)ဦးနှင့်အမျိုးသမီး (၆) ဦး ထပ်မံသေဆုံးခဲ့သဖြင့် ပေါင်းအမျိုးသား (၃) ဦး၊အမျိုးသမီး (၆) ဦး၊ စုစုပေါင်း (၉) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ကျန်လူနာ အမျိုးသား(၅) ဦး၊ အမျိုးသမီး(၁၁) ဦး၊ ပေါင်း (၁၆) ဦးမှာ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာများအဖြစ် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ယခုအချိန်၌ Light Truck ယာဉ်များ အနေဖြင့် ယခင်ကာလများထက် သွားလာမှု ပိုမိုများပြားလာပြီး ယာဉ်မတော်တဆဖြစ်ပွားမှုများလည်း ဖြစ်ပွားလျှက်ရှိသဖြင့် Light Truck ယာဉ်မောင်းနှင်သူများနှင့် စီးနင်းလိုက်ပါသူများအနေဖြင့် လူစီးနင်းလိုက်ပါရာတွင် သတ်မှတ်တင်ဆောင်နိုင်သည့် ခရီးသည်ဦးရေသာ တင်ဆောင်ရန်၊ ကုန်ပစ္စည်းများအား ကားခေါင်မိုးပေါ်တွင် တင်ဆောင်မောင်းနှင်ခြင်းမပြုရန်၊ သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်းမပြုရန်၊ ကားခေါင်မိုးပေါ်တွင် လူလိုက်ပါ စီးနင်းခြင်းမပြုရန်၊ ကားနောက်ပိတ် တံခါးအားချိတ်ပြီး ၎င်းအပေါ်တွင် လူထိုင်၍ လိုက်ပါခြင်းမပြုရန်၊ ယာဉ်မောင်းနေစဉ် အိပ်ငိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မြင်ကွင်းမကောင်းခြင်းများ ခံစားလာရပါက ဘေးကင်းသည့်နေရာတွင် ယာဉ်ကိုခေတ္တရပ်၍ အနားယူရန်၊ ယာဉ်ရပ်နားစဉ် ယာဉ်ကြံ့ခိုင်မှုအားစစ်ဆေးရန် စသည့်အချက်များအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် လိုက်နာဆောင်ရွက်နိုင်ရန် နှိုးဆော်ကြောင်း ကြေညာချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.