Politics, Law & Military
၂၀၁၆ မြန်မာနိုင်ငံရေး ထူးခြားဖြစ်စဉ်များ
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)
၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်၌ စတင် အသက်ဝင်ခဲ့သော ပထမအကြိမ် လွှတ်တော် သက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးကာ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ခဲ့သည်။
(၁)အစိုးရသစ်ထံ သမိုင်းဝင်အာဏာလွှဲပြောင်းပေးမှု
မတ်လ ၃၁ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် အစိုးရ အုပ်ချုပ်ရေး သက်တမ်း ကုန်ဆုံးပြီးနောက် သမ္မတအသစ်နှင့် အစိုးရ အဖွဲ့ အသစ်က အုပ်ချုပ်ရေး အာဏာ လွှဲပြောင်း ရယူမည် ဖြစ်သည်။ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ တင်မြှောက်သော အစိုးရသစ်က မတ်လ ၃၀ရက်နေ့တွင် အုပ်ချုပ်မှုအာဏာလွှဲပြောင်းရယူခဲ့သည်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၆၅)အရ နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် ဦးဟန်နရီဗန်ထီးယူတို့ ပြည်ထောင်စုလွှတ်တော် နာယကရှေ့တွင် ကတိသစ္စာပြုခဲ့သည်။ပြည်ထောင်စုလွှတ်တော်၌ ကတိသစ္စာပြုထားသော နိုင်ငံတော် သမ္မတနှင့် အစိုးရအဖွဲ့အသစ်သည် သမ္မတအိမ်တော်၌ မတ်လ ၃၀ရက်နေ့တွင် နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဝန်ကြီးဟောင်းများနှင့် တွေ့ဆုံပြီး နိုင်ငံတော် သမ္မတ အာဏာလွှဲပြောင်းရေး အခမ်းအနားပြုလုပ်ခဲ့သည်။
နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်မှ ဦးထင်ကျော်အား အာဏာလွှဲပြောင်းသော ကြေညာချက်နှင့် နိုင်ငံတော် သမ္မတအဆောင်အယောင်ဖြစ်သောရွှေစလွယ်ကို ပေးအပ်ကာ အာဏာလွဲပြောင်းသော အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။“၂၀၁၅ ခုနှစ်နိုဝင်ဘာလရွေးကောက်ပွဲရလဒ်ကြောင့်ဖြစ်ထွန်းလာတဲ့ ဒုတိယအကြိမ်လွှတ်တော်နဲ့ အစိုးရအဖွဲ့များဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မူဝါဒများနဲ့ ကိုက်ညီစွာဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ ယခုအစိုးရသစ်အနေဖြင့် အောက်မူဝါဒများဖြစ်တဲ့ အမျိုးသားရင်ကြားစေ့ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရေး တို့ကိုရှေးရှူတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုပေါ်ပေါက်ရေးနဲ့ ပြည်သူလူထုအများစုရဲ့လူနေမှုဘဝအဆင့် အတန်း တိုးတက်မြင့်မားရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက် သွားမှာဖြစ်ပါတယ်”ဟု နိုင်ငံတော် သမ္မတ ဦးထင်ကျော် ပထမဆုံး မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဒုတိယအကြိမ် လွှတ်တော် သက်တမ်း စတင်သည့်နေ့ ပထမနေ့၌ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယ ဥက္ကဋ္ဌများကို ရွေးချယ်ခဲ့ရာ ရွေးကောက်ပွဲ၌ အနိုင်ရ ပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာမွေ မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးဝင်းမြင့်အား ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကွတ်ခိုင် မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်အား ဒုတိယ ဥက္ကဋ္ဌ အဖြစ် ပြည်သူ့ လွှတ်တော်က အတည်ပြု ခန့်အပ်ခဲ့သည်။အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) ကိုယ်စားလှယ် ဦးမန်းဝင်းခိုင်သန်းနှင့် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရခိုင်အမျိုးသားပါတီမှ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၆) ကိုယ်စားလှယ် ဦးအေးသာအောင်ကို အတည်ပြု ခန့်အပ်ခဲ့သည်။
(၂) နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဥပဒေ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထားရှိရေးအတွက် မေလ ၅ ရက်နေ့က သမ္မတ ဦးထင်ကျော်က ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းရန် ပြည်ထောင်စု လွတ်တော်ကို သဝဏ်လွှာ ပေးပို့ ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို ဖွဲ့စည်းရန် မေ ၁၀ရက်နေ့တွင် ကန့်ကွက်သူမရှိ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဆင်ဟွာ)
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်တာဝန်ပေးနိုင်ရန်အတွက် လွတ်တော် ၂ ရပ်တွင် ဧပြီလအတွင်းဥပဒေကြမ်း တင်သွင်းစဉ် ကိုယ်စားလှယ်အချို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ်အများစု၏ ဆုံးဖြတ်ချက်နှင့် ဥပဒေကို အတည်ပြုနိုင်ခဲ့သည်။အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးနှင့် တရားဥပေဒေ စိုးမိုးရေး စသည့် လုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာ အောင်မြင်မှု ရရှိရန်အတွက် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဝန်ကြီးဌာန သက်တမ်းသည် နိုင်ငံတော် သမ္မတ၏ ရာထူး သက်တမ်းအတိုင်းဖြစ်သည်။
(၃) အစိုးရသစ် ငြိမ်းချမ်းရေးခရီးနှင့် ၂၁ ပင်လုံညီလာခံ
အစိုးရဟောင်း သမ္မတ ဦးသိန်းစိန်ဦးဆောင်မှုဖြင့် ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ Union Peace Conference) ကို ဇန်နဝါရီလ ၁၂ရက်နေ့မှ ၁၆ရက်နေ့ထိ ကျင်းပခဲ့သည်။မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (National Reconciliation and Peace Centre-NRPC) အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။တိုင်းရင်းသား လက်နက်ကိုင်များ အားလုံးတက်ရောက်မည့် ထိပ်သီး ညီလာခံကို ကေအိုင်အို ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ် မိုင်ဂျာယန် ဒေသတွင် ဇူလိုင်လ နောက်ဆုံးအပတ် အတွင်း ပြုလုပ်ခဲ့သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသက်တမ်း ၇လအတွင်း ယခင်အစိုးရဟောင်း သမ္မတ ဦးသိန်းစိန် အုတ်မြစ်ချခဲ့သော ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်း ငြိမ်းချမ်းရေးဆိုင်ရာကော်မတီ အရပ်ရပ်ကို ဖွဲ့စည်းတာဝန်ပေးခြင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံညီလာခံကို ကျင်းပခဲ့သည်။ယခင်အစိုးရ အုတ်မြစ်ချခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သတ်ပြီး ၂၁ ရာစု ပင်လုံညီလာခံ(ခေါ်)ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီးကို သြဂုတ် ၃၁ ရက်နေ့မှ စက်တင်ဘာ ၃ရက်နေ့ထိ နေပြည်တော်၌ ကျင်းပနိုင်ခဲ့သည်။အဆိုပါ ပင်လုံညီလာခံကျင်းပစဉ်အတွင်း ၀ ကိုယ်စားလှယ်အဖွဲ့သည် ညီလာခံတွင်းမှ နေရာချထားမှု မပြေလည်သဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပစဉ် (ဆင်ဟွာ)
၂၁ရာစု ပင်လုံညီလာခံသည် ၁၉၄၇ခုနှစ်တွင် ကျင်းပခဲ့သော ၂၀ရာစုပင်လုံကဲ့သို့ နိုင်ငံ၏ သမိုင်းတွင် ဝံ့ကြွားစရာ၊ ဂုဏ်ယူစရာ၊ အားတက်စရာ အခမ်းအနားကြီးတစ်ခု၊ အခင်းအကျင်းကြီးတစ်ခု၊ ဖြစ်စဉ်ကြီးတစ်ခု ဖြစ်နိုင်ရန်အတွက် ဝိုင်းဝန်းကြိုးစားကြရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုထားသည်။ညီလာခံတွင် အစိုးရ၊ တပ်မတော်၊ NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မရေးထိုးရသေးသည့် အဖွဲ့များမှ ခေါင်း ဆောင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာများနှင့်ပတ် သက်၍ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းစီ၏ သဘောထားအမြင်များ၊ စာတမ်းစုစုပေါင်း ၇၆ စောင် တင်ပြဆွေးနွေးခဲ့သည်။
ပင်လုံညီလာခံကတည်းက လက်ရှိအချိန်ထိ တိုင်းရင်းသားများ အဓိကတောင်းဆိုခဲ့သည့် အချက်များမှာ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့ဖြစ်ပြီး ပြည်ထောင်စုမှ ခွဲထွက်ရေးဆိုသည့်အချက်ကို တောင်းဆိုမည်မဟုတ်ဟု ၂၀၁၆ ဇူလိုင်က ကျင်းပသည့် မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီအစည်းအဝေးတွင် ပြောကြားခဲ့ကြသည်။ပင်လုံညီလာခံကျင်းပပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ အနည်းငယ်ပြန်လည်ဖြစ်ပွားမှုကို ဝေဖန်မှုမြင့်တက်ခဲ့သည်။၂၁ ရာစု ပင်လုံဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၇ ဖေဖော်ဝါရီတွင် ကျင်းပရန် သတ်မှတ်ထားသည်။
(၄) နိုင်ငံခြားရေးဆက်ဆံမှုများ
အစိုးရသစ် တာဝန်ယူပြီးနောက် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာအိုနိုင်ငံ သမ္မတ၊ မွန်ဂိုလီးယားနိုင်ငံ သမ္မတနှင့် စင်ကာပူဝန်ကြီးချုပ်တို့ လာရောက်ခဲ့ပြီး မြန်မာနှင့် အဆိုပါ နိုင်ငံများအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့သည်။နိုင်ငံတကာမှ နိုင်ငံခြားရေးဝန်ကြီးများ လာရောက် တွေ့ဆုံမှုများသည်လည်း မြန်မာနိုင်ငံအတွက် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ စီးပွားရေး၊ နယ်စပ်ရေးရာနှင့် ကုန်သွယ်မှုများ အတွက် ကောင်းသော အရွေ့တစ်ခုပင် ဖြစ်သည်။နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် အစိုးရ တာဝန်ယူပြီး ပထမဆုံး ခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့ ထွက်ခွာပြီး နှစ်နိုင်ငံ အကျိုးအတွက် ဆွေးနွေး ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က သြော်ဂုတ်လ၂၉နေ့တွင် လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)
မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် သြဂုတ်လ ၁၇ ရက် မှ ၂၁ အထိ တရုတ် နိုင်ငံ သို့ တရားဝင် ချစ်ကြည် လည်ပတ်ရေး ခရီးသွားရောက်ခဲ့သည်။ ယင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ဝန်ကြီးချုပ်နှင့်လည်းကောင်း၊ သြဂုတ် ၁၉ ရက်တွင် တရုတ်သမ္မတ နှင့်လည်းကောင်း၊ သြဂုတ် ၂၀ တွင် အခြားခေါင်းဆောင်များနှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။အဆိုပါ ခရီးစဉ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး ၊ စီးပွားရေးများ ပိုမိုကောင်းမွန်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံခရီးစဉ်အတွင်း သမ္မတ အိုးဘားမားနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ စီးပွားရေးကဏ္ဍအတွက် ရလဒ်ကောင်းများလည်း ရရှိခဲ့သည်။
(၅) ပုဂံ ငလျင်
သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ကျော်က ချောက်မြို့အနောက်ဖက် ၁၂ မိုင်ခန့်အကွာ နေရာကို ဗဟိုပြုလျက် အင်အား ရစ်ခ်တာ စကေး ၆ ဒဿမ ၈ ပြင်းအား ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံအတွက် တန်ခိုးကြီး ရှေးဟောင်းဘုရားများ တည်ရှိရာ ပုဂံမြေပေါ်ရှိ နာမည်ကြီး အထင်ကရ ဘုရားစေတီပုထိုးများ ရာနှင့်ချီ၍ ပျက်ဆီး ဆုံးရှုံးခဲ့ရသည်။ပုဂံယဉ်ကျေးမှုအမွေအနှစ် စေတီပုထိုးများ ရာနှင့်ချီ ပြိုကျပျက်စီးသွားပြီး နာမည်ကြီးအထင်ကရ လောကနန္ဒာ၊ စူဠာမဏိ၊ စေတနာကြီးဘုရား၊ ထီးလိုမင်းလိုစသည့် တန်ခိုးကြီးစေတီပုထိုးများ ပျက်စီးမှုသည် မြန်မာလူမျိုးများအတွက် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ခဲ့သည်။
ငလျင်ဒဏ်ကြောင့် ပုဂံစေတီပုထိုးများ ပြိုကျပျက်စီးနေစဉ် (ဆင်ဟွာ)
ပုဂံ ကို နယ်မြေ ၁၂ ခု ခွဲကာ အပျက်အစီး အဆုံးအရှုံးစာရင်းများ ကောက်ယူခြင်း၊ ယဉ်ကျေးမှု အမွေများ မပျောက် ပျက်အောင် ထိန်းသိမ်းခြင်းများကို ယဉ်ကျေးမှုဝန်ကြီးဌာနနှင့်အတူ ယူနက်စကိုအကူ အညီဖြင့် ပြုပြင်လျက်ရှိသည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်မှုသည် ပုဂံအပြင် စလေ ဘုရား ၉ ဆူ၊ စစ်ကိုင်း က ဘုရား ၇ ဆူ မြောက်ဉီး က ဘုရား ၃ ဆူ တို့လည်း ထိခိုက်ခဲ့ပြီး လူသုံးဦးလည်း သေဆုံးခဲ့သည်။
(၆) မောင်တောအကြမ်းဖက်တိုက်ခိုက်မှု
ရခိုင်ပြည်နယ် မောင်တောခရိုင် အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုနယ်မြေအတွင်း ကျီးကန်းပြင်၊ ကိုးတန်ကောက်၊ ငါးခူရနယ်မြေစခန်းများကို အောက်တိုဘာ ၉ရက်နေ့ နံနက် ၁နာရီခွဲခန့်က အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၉ဦးကျဆုံး၊ ၄ဦးဒဏ်ရာရရှိ၍ လက်နက်မျိုးစုံ ၅၁လက်နှင့် ကျည်မျိုးစုံ အတောင့် ၁ဝ၁၄ဝ၊ လှံစွပ် တစ်ခု၊ ကျည်အိမ် ၂၇ ခု ဆုံးရှုံးသွားခဲ့သည်။အဆိုပါ မောင်တောခရိုင်အတွင်း ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ အောက်တိုဘာ ၉ ရက်နေ့မှစပြီး လူငါးဦးထက် ပို မစုဝေးရ အမိန့်နှင့် ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရ အမိန့်များ ထုတ်ပြန်ကြေညာခဲ့သည်။ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်း အောက်တိုဘာ ၉ ရက်မှစတင်၍ နိုဝင်ဘာ ၁၅ရက်နေ့ထိ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရဲဝန်ထမ်းနှင့် တပ်မတော်မှ အရာရှိ/စစ်သည် ၁၇ဦး သေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိထားသည်။
မောင်တောမြို့နယ်တွင်း အောက်တိုဘာ ၉ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ တိုက်ပွဲဖြစ်စဉ် ၉ ကြိမ်၊ ဘင်္ဂါလီဖမ်းဆီးရရှိမှု ၆၁ ကြိမ်၊ လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိမှု ၁၀ ကြိမ်၊ ပစ်ခတ်ဖမ်းဆီးမှု ၉ ကြိမ်၊ နှောက်ယှက်ပစ်ခတ်ခံရမှု ၃ ကြိမ်၊ ကားမိုင်းဖောက်ခွဲခံရမှု ၃ ကြိမ် ရှိခဲ့သည်။ဘင်္ဂါလီအကြမ်းဖက်သူများ၏ မီးရှို့ဖျက်ဆီးထွက်ပြေးမှုကြောင့် ဝါးပိတ်ကျေးရွာတွင် အိမ်ခြေ ၁၀၅ လုံး၊ ကြက်ရိုးပြင်ရွာတွင် အိမ်ခြေ ၅ လုံး၊ ငါးခူရ (ဘင်္ဂါလီ)ကျေးရွာတွင် ဆိုင်ခန်း ၃ ခန်း၊ မြင်းလွတ်ရွာသစ်ရှိ လူနေထိုင်ခြင်းမရှိသော ရဲကင်းအဆောက်အဦ ၃ လုံး၊ မြင်းလွတ်(အနောက်)ရွာမ အလယ်တန်းကျောင်းရှိ ဆရာမ အိပ်ဆောင် ၁ ဆောင်၊ ဒါးကြီးစား(တောင်)ရွာတွင် နေအိမ် ၆၀ လုံး၊ ဂွဆုံကျေးရွာတွင် နေအိမ် ၅၀ လုံး၊ ပွင့်ဖြူချောင်းရွာတွင် နေအိမ် ၅၀ လုံး စုစုပေါင်း အဆောက်အဦ ၂၇၇ လုံး မီးလောင်ပျက်စီးခဲ့သည်။
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုကြောင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် တပ်မတော်နှင့် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အင်းအား ၃၀၀ခန့် အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွား ခဲ့သည်။အဆိုပါ အကြမ်းဖက်မှုတွင် ပါဝင်နေသူ ၉၇ဦးကို အမှုဖွင့်ထားရာ တရားရုံး၌ စစ်ဆေးမှု နှစ်ဦး၊ တရားရုံးပြီးပြတ်မှု ၂၃မှုနှင့် ရဲစစ်ဆေးနေမှု ၇၂ဦး တို့ဖြစ်ပြီး မောင်တောအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အခင်းဖြစ်ပွားချိန်မှ ဒီဇင်ဘာ ၉ရက်နေ့ထိ ချုပ်ရီမန်ဖြင့် တရားခံ ၅၇၅ဦး ဖမ်းဆီးစစ်ဆေးလျက်ရှိရာ ရဲစစ်ဆေးဆဲ ၄၇၀ဦး၊ တရားရုံးအပြီးသတ် ပြစ်ဒဏ်ချမှု ၈၈မှု၊ ပြန်လွှတ် ၁၀ဦး၊ တရားရုံး အာမခံ တစ်ဦးနှင့် ရဲစစ်ဆေးဆဲ သေဆုံးသူ ခြောက်ဦးတို့ဖြစ်သည်။ယင်း အကြမ်းဖက်တိုက်ခိုက်စဉ်အတွင်း အသေတွေ့ရှိမှု အလောင်း ၇၀ရှိပြီး ရမန်မယူခေါ်စစ်ဆေးပြီး ပြန်လွှတ် ၄၉ဦးတို့ရှိသည်။
(၇) ရှမ်းမြောက်တိုက်ပွဲ
မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား ယနေ့ နိုဝင်ဘာ ၂၀ရက်နေ့ နံနက် ၂နာရီမှစ၍ တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခံခဲ့ရသည်။ယင်းတိုက်ခိုက်မှုကို KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့ နှင့် MNDAA ပူးပေါင်းအဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အပါအဝင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ပြီး လမ်းနှင့် တံတားများ ပျက်စီးခဲ့သည်။ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း လက်နက်ကိုင်အဖွဲ့များ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၂၀ရက်နေ့မှ ဒီဇင်ဘာ ၉ရက်နေ့ထိ သေဆုံးသူ ၂၉ဦးနှင့် ဒဏ်ရာရရှိသူ ၆၂ဦးထိရှိလာသည်။
(၈)၂၀၁၆ခုနှစ်တွင်း မီးလောင်ဆုံးရှုံးမှုများ
မြန်မာ တစ်နိုင်ငံလုံးတွင် ၂၀၁၆ ခုနှစ်အတွင်း မီးလောင်ကျွမ်းမှု ၃၀၀ကျော် ဖြစ်ပွားပြီး အကြီးစား မီးလောင်ကျွမ်းမှု ငါးခုဖြစ်ပွားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မင်္ဂလာဈေးကြီး၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မင်္ဂလာဈေး၊ ရှမ်းပြည်နယ် နမ့်ဆန်ဈေး၊ တနင်္သာရီတိုင်း ကျောက္ကာရွာ နှင့် ဧရာဝတီတိုင်း လပွတ္တာကျေးရွာတို့ ဖြစ်သည်။ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ မင်္ဂလာဈေးသည် ဇန်နဝါရီ ၉ရက်နေ့ နံနက် ၁နာရီခန့်က မီးစတင်လောင်ကျွမ်းပြီး ဆိုင်ခန်းပေါင်း ၁၆၀၀ကျော် မီးဘေးသင့်ကာ ငွေကျပ် သိန်းပေါင်း ၃၆၀၀၀ကျော် ဆုံးရှုံးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မင်္ဂလာဈေး မီးလောင်ကျွမ်းနေစဉ် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ မင်္ဂလာဈေးသည် မတ်လ ၂၂ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်က စတင်လောင်ကျွမ်းခဲ့သည်။ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ နမ့်လန်ဈေးကြီးအား နိုဝင်ဘာ ၆ရက်နေ့ ည၆နာရီခွဲကျော်က မီးစတင်လောင်ကျွမ်းရာ ဆိုင်ခန်း ၅၀၀ကျော် မီးလောင်ကျွမ်းပြီး ကျပ်သိန်း ၂၀၀၀ကျော် ဆုံးရှုံးခဲ့သည်။ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် ဖေဖော်ဝါရီ ၄ရက်နေ့၌ လောင်ကျွမ်းခဲ့သော မီးကြောင့် လူဦးရေ ၇၆၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ငွေကျပ် သန်း၃၂၀ကျော် ဆုံးရှုံးခဲ့သည်။
(၉) ရေကြီးရေလျှံမှုများ
ယခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ၇ခုတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ လူပေါင်း ၂သိန်းကျော် ရေဘေးသင့်ပြီး ၄ဦးသေဆုံးခဲ့သည်။စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇူလိုင် ၁၅ ရက်နေ့မှ သြဂုတ်လ ၄ ရက်အတွင်း ရေဘေးသင့်သူပေါင်း ၂၃၀၀၀၀ကျော်ရှိခဲ့ပြီး ယင်း ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်အိမ်ထောင်စုပေါင်း ၅ သောင်းခွဲကျော်၊ ပြောင်းရွှေ့အိမ်ခြေပေါင်း ၅ သောင်းကျော်ရှိပြီး မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေဘေးဒုက္ခ ပိုမိုခံစားရသည်။
ဦးပိန်တံတား ရေကြီးမှုဖြစ်ပေါ်နေစဉ် (ဆင်ဟွာ)
ရခိုင်ပြည်နယ်တွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူဦးရေ ၁၄၀၀၀ကျော် ရေဘေးဒဏ်ခံစားခဲ့ရသည်။(Xinhua)