Politics, Law & Military
၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ်အတွင်း အခွန်ငွေ ကျပ် ဘီလျံ ၄၅၇၀ ကျော် ကောက်ခံရရှိ

နေပြည်တော်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ် ( ၂၀၁၆ အောက်တိုဘာမှ ၂၀၁၇ မတ်လ ကုန် အထိ) အခွန်ကောက်ခံ ရရှိငွေမှာ ကျပ် ဘီလျံ ၄၅၇၃ ဒသမ ၉၀၄ ဖြစ်ပြီး မူလ လျာထားသည်ထက် ၄ ဒသမ ၆၅ ရာခိုင်နှုန်း ပိုမို ကောက်ခံရရှိခဲ့သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
“မူလလျာထားချက်က ကျပ် ၄၃၇၀ ဒသမ၈၇၀ ဘီလျံ ဖြစ်ပြီး ကောက်ခံရရှိငွေက ကျပ် ၄၅၇၃ ဒသမ ၉၀၄ ဘီလျံ ဖြစ်တဲ့အတွက် အကောင်အထည်ဖော်နိုင်မှုမှာ ၁၀၄ ဒသမ ၆၅ ရာခိုင်နှုန်း ဖြစ်ပါတယ်၊ လျာထားချက်ထက် ပိုမိုကောက်ခံ ရရှိတဲ့ အခွန်က ၁၄ မျိုးနဲ့ လျော့နည်း ကောက်ခံရရှိတဲ့ အခွန်က ခုနစ်မျိုး ရှိကြောင်းတွေ့ရပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။
အဆိုပါ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ် ကောက်ခံရရှိသော အခွန်ငွေများအနက် ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် ဝင်ငွေခွန်တို့သည် အရေးပါလှပြီး ပြည်ထောင်စု အခွန်အကောက်ရငွေ စုစုပေါင်း၏ ၇၃ ရာခိုင်နှုန်း ရှိကြောင်းနှင့် ထိုသုံးမျိုးတို့မှာ Tax Base ကျယ်ပြန့်ပြီး ဖိဖိစီးစီး ကောက်ခံနိုင်သည်နှင့် အမျှ ပိုမို တိုးတက်ရရှိရန် အလားအလာများ ရှိကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီက လွှတ်တော်သို့ တင်ပြခဲ့သည်။ (Xinhua)