Connect with us

Politics, Law & Military

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့သွားရောက်မည့် ခရီးသည်များ လေယာဉ်မတက်မီ COVID-19 ရောဂါ ကင်းရှင်းကြောင်း လက်မှတ်ပြသရန်လိုအပ်

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်လိုသည့် ခရီးသည်များအနေဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၄ ရက်မှ စတင်ကာ လေယာဉ်ပေါ်မတက်မီ သုံးရက်အတွင်း စစ်ဆေးထားသည့် COVID-19 ရောဂါ နျူကလိစ်အက်စစ် စစ်ဆေးမှု ပိုးကင်းရှင်းကြောင်းလက်မှတ် (COVID-19 Negative Certificates) ကို မဖြစ်မနေ ပြသရန် လိုအပ်ကြောင်း တရုတ်နိုင်ငံ လေကြောင်းပျံသန်းရေးစီမံခန့်ခွဲမှုဌာန ၊ အကောက်ခွန်အထွေထွေစီမံခန့်ခွဲရေးဌာန နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။ 

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့သွားရောက်မည့် ခရီးသည်အားလုံးသည် COVID-19 ရောဂါ နျူကလိစ်အက်စစ် စစ်ဆေးရေးအတွက် သတ်မှတ်ထားသောနေရာဖြစ်သည့် အမျိုးသားဓာတ်ခွဲခန်း(ရန်ကုန်) တွင် မဖြစ်မနေစစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း ၊ ၇၂ နာရီအတွင်း စစ်ဆေးထားသော ရောဂါကင်းရှင်းကြောင်း ဆေးစစ်လက်မှတ်ကိုပြသ၍ လေယာဉ်ပေါ်တက်ရမည်ဖြစ်ကြောင်း ၊ သာဓကအနေဖြင့် အောက်တိုဘာ ၁၀ ရက်တွင် လေယာဉ်ပေါ်တက်ရောက်မည့် ခရီးသည်များအနေဖြင့် အောက်တိုဘာ ၇ ရက် နှင့် အောက်တိုဘာ ၁၀ ရက်အကြား စစ်ဆေးထားသော ဆေးလက်မှတ်ကို ပြသရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ် ၊ သွားရောက်မည့်ခရီးစဉ် အသေးစိတ်အစီအစဉ် နှင့် ထောက်ခံစာကို ရရှိပြီးဖြစ်သည့် နိုင်ငံခြားသားခရီးသည်များအနေဖြင့် အမျိုးသားဓာတ်ခွဲခန်း(ရန်ကုန်)တွင် နျူကလိစ်အက်စစ် စမ်းသပ်ရန် ငွေကျပ် ၂၀၀,၀၀၀ ပေးသွင်းရမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ တရုတ်သံရုံး သို့မဟုတ် မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး၌ ဗီဇာသွားရောက်လျှောက်ထားချိန်တွင် ခရီးစဉ်အသေးစိတ်နှင့်ထောက်ခံစာအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းမှတစ်ဆင့် ဆက်သွယ်ရယူနိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

နျူကလိစ်အက်စစ် စမ်းသပ်စစ်ဆေးပြီး ရောဂါကင်းရှင်းကြောင်း (Negative) အဖြေ လက်မှတ်ရရှိပြီးနောက် နိုင်ငံခြားသား ခရီးသွားများအနေဖြင့် ၁၂ နာရီအတွင်း ကျန်းမာရေးကောင်းမွန်ကြောင်းကြေညာချက်ပုံစံ (Health Declaration Form)တွင် အမည်စာရင်းရေးသွင်းခြင်း နှင့်လက်မှတ်ရေးထိုးခြင်း ပြုလုပ်ရမည်ဖြစ်ကြောင်း နှင့် တရုတ်သံရုံး သို့မဟုတ် တရုတ်ကောင်စစ်ဝန်ချုပ်ရုံးသို့ လက်မှတ်ရေးထိုးထားသော ပုံစံစာရွက် ၊ နျူကလိစ်အက်စစ် အဖြေ- ရောဂါကင်းရှင်းကြောင်း လက်မှတ် နှင့် နိုင်ငံကူးလက်မှတ်(password) အရှေ့စာမျက်နှာ၏ မိတ္တူစာရွက်များကို ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးကောင်းမွန်ကြောင်း ကြေညာချက်ပုံစံအတွက် ပုံမှန်အားဖြင့် အချိန် ၂၄ နာရီ ယူရကြောင်း ၊ အကယ်၍ အဆိုပါလက်မှတ်ကို အမျိုးသားဓာတ်ခွဲခန်းက စိစစ်ရန်လိုအပ်ပါက အချိန်ပို၍ ယူရမည်ဖြစ်ကြောင်း ၊ အတည်ပြုချက်ရရှိပြီးနောက်တွင် ကျန်းမာရေးကောင်းမွန်ကြောင်းကြေညာချက်ပုံစံ မိတ္တူစာရွက်ကို ခရီးသည်ထံ အီးမေးလ်ဖြင့် ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း နှင့် ယင်းလက်မှတ်ကို ပရင့်ထုတ်၍ ခရီးစဉ်တစ်လျှောက် ကိုယ်နှင့်မကွာ ယူဆောင်သွားရမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

နိုင်ငံခြားသား ခရီးသည်များအနေဖြင့် ကျန်းမာရေးကောင်းမွန်ကြောင်းကြေညာမှုပုံစံစာရွက်ကို လေဆိပ်အဝင် (check in) သို့မဟုတ် လေယာဉ်အတက် (boarding) တွင် ပြသရမည်ဖြစ်ပြီး ဆေးစစ်ချက် လက်မှတ်အတုများ သို့မဟုတ် သတင်းအချက်အလက်အတုများဖြင့် ဖြည့်စွက်လာသည့်ခရီးသည်များသည် တရားဥပဒေဖောက်ဖျက်မှုဖြင့် တားဆီးခံရမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှတစ်ဆင့် အခြားနိုင်ငံများသို့ ဆက်လက်ထွက်ခွာသွားကြမည့် ခရီးသည်များအနေဖြင့်လည်း လေယာဉ်အကူးအပြောင်းတွင် ကျန်းမာရေးကောင်းမွန်ကြောင်း ကြေညာချက်ပုံစံကို ပြသရမည်ဖြစ်သည်။ သတိပြုရန်မှာ အဆိုပါ ကျန်းမာရေးကောင်းမွန်ကြောင်း ကြေညာချက်ပုံစံစာရွက်သည် တရုတ်ဗီဇာ ရနိုင်ခြင်း မရနိုင်ခြင်းနှင့် မသက်ဆိုင်ကြောင်းလည်း ကြေညာချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.