Politics, Law & Military
တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံအား မြန်မာနိုင်ငံမှ ၇ ရက်အတွင်း ပြန်လည်ထွက်ခွာရန် ခေါ်ယူညွှန်ကြား
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေသံရုံးမှ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာအား ဖေဖော်ဝါရီ ၂၀ ရက် နောက်ဆုံးထား၍ နိုင်ငံတွင်းမှ ထွက်ခွာရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။ရန်ကုန်မြို့ရှိ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာအား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဆင့်ခေါ်၍ သံတမန်ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်း (၁၉၆၁) အပိုဒ် ၉ နှင့်အညီ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်မတိုင်မီ မြန်မာနိုင်ငံမှအပြီးအပိုင်ထွက်ခွာရန် ညွှန်ကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဆီယံပဋိညာဉ်ပါအခြေခံမူများ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို လေးစားရန်၊ အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံကသော်လည်းကောင်း၊ အာဆီယံအဖွဲ့ဝင်မဟုတ်သည့် အခြားနိုင်ငံ တစ်နိုင်ငံကသော်လည်းကောင်း၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုခုသော်လည်းကောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှုတို့ကို ခြိမ်းခြောက်ရေးအတွက် မိမိ၏ပိုင်နက်နယ်မြေကို အသုံးပြုခွင့်ပြုခြင်းမှ ရှောင်ကြဉ်ရန် ပြဋ္ဌာန်းထားသည့် ပဋိညာဉ် အပိုဒ် ၂၊ အပိုဒ်ခွဲ ၂ (က) ၊ (င) နှင့် (ဋ) ပါ အချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံများအကြား တန်းတူရည်တူရှိရေး၊ အပြန်အလှန်လေးစားရေး၊ ပြည်တွင်းရေးကိစ္စကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရေး၊ အချုပ်အခြာအာဏာလေးစားရေးနှင့် အာဆီယံပဋိညာဉ်နှင့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်ပါအခြေခံမူများကို လေးစားလိုက်နာရေး စသည့်မူဝါဒများအပေါ်တွင် အခြေပြု၍ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းထားရှိရန် ဆက်လက်ကတိကဝတ်ပြုသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)
