Politics, Law & Military
မြန်မာနိုင်ငံ၊ နေပြည်တော်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁) နှစ်ပြည့် အခမ်းအနား ကျင်းပ
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ မြို့တော်နေပြည်တော်တွင် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီး၏ တစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို မတ်လ ၂၈ ရက်က ကျင်းပခဲ့ကြောင်း နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။အခမ်းအနားတွင် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘေးအန္တရာယ်ကြောင့် အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုများအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး လက်ရှိပြန်လည်ထူထောင်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကိုလည်း အလေးပေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၊ နေပြည်တော်၌ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်က ကျင်းပသော မန္တလေးငလျင်ကြီး လှုပ်ခတ်မှုတစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)
အဆိုပါ ငလျင်ကြောင့် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် လူပေါင်း ၃,၈၁၈ ဦး သေဆုံးခဲ့ပြီး ၅,၁၀၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အဆိုပါ မန္တလေး ငလျင်ကြီးကြောင့် အိမ်ထောင်စုပေါင်း ၁၆၀,၀၀၀ ကျော်နှင့် လူဦးရေ ၄၂၀,၀၀၀ ကျော် ထိခိုက်ခဲ့ရပြီး စုစုပေါင်း ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးမှာ ကျပ်ငွေ ၇,၉၇၉ ဘီလီယံကျော်ရှိကြောင်း သိရသည်။
ငလျင်ဒဏ်သင့်သူများအတွက် ပြည်တွင်းပြည်ပအလှူရှင်များထံမှ လူသားချင်းစာနာမှု အကူအညီများသည် ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းတို့ဖြင့် တဖွဲဖွဲရောက်ရှိလာခဲ့ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘီလာရုစ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ နီပေါနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စင်ကာပူနိုင်ငံမှ အဖွဲ့အစည်းများ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ UAE နိုင်ငံ၊ ဗင်နီဇွဲလားသမ္မတနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ AHA Centre စသည့် နိုင်ငံနှင့်အဖွဲ့အစည်းများမှ ပေးပို့လှူဒါန်းသည့် ပစ္စည်းစုစုပေါင်း ၂,၆၆၁ ဒသမ ၃၂၁ တန်ကို လက်ခံရရှိခဲ့ပြီး အချိန်နှင့်တစ်ပြေးညီ ငလျင်ဘေးသင့်ဒေသများဆီသို့ ဖြန့်ခွဲပေးခဲ့ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၊ နေပြည်တော်၌ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်က ကျင်းပသော မန္တလေးငလျင်ကြီး လှုပ်ခတ်မှုတစ်နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)
ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ယာယီနေထိုင်ရေး၊ ယာယီရုံးများ ဖွင့်လှစ်နိုင်ရေးအတွက် Prefabricated Office များ၊ Prefabricated House များ၊ ငလျင်ဘေး တုံ့ပြန်ရေးလုပ်ငန်းများအတွက် စက်သုံးဆီများ၊ အရေးပေါ်ခွဲစိတ်ခန်းများ၊ ဆေးဝါးများကိုလည်း စနစ်တကျ ဖြန့်ခွဲအသုံးပြုခဲ့ကြောင်း ယာယီ သမ္မတက ပြောကြားခဲ့သည်။
အရေးပေါ် ရှာဖွေကယ်ဆယ်ရန်၊ ကျန်းမာရေးစောင့်ရှောက်ရန်အတွက် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးဝန်ထမ်း ၁,၉၃၅ ဦး၊ ကျန်းမာရေး စောင့်ရှောက်ရေးပညာရှင်နှင့် ဆရာဝန် ၈၄၅ ဦးတို့ လာရောက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့ကြကြောင်း၊ ထိုကဲ့သို့ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေး အဖွဲ့များအပါအဝင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များသည် အဆောက်အအုံများအတွင်း ပိတ်မိနေသူများကို အင်တိုက်အားတိုက်စွန့်စားပြီး ကြိုးပမ်း ရှာဖွေကယ်ဆယ်ပေးခဲ့ကြသည့်အတွက် စုစုပေါင်း ၆၅၃ ဦး အသက်ရှင်လျက် ကယ်ဆယ် နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး ကျန်လုပ်ငန်းများကို အစိုးရသစ်က လွှဲပြောင်းယူမည်ဖြစ်ကြောင်း သိရသည်။နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၏ အနာဂတ်လုပ်ငန်းစဉ်တွင် ဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
