Politics, Law & Military
၂၁ ရာစုပင်လုံညီလာခံသို့ UNFCအဖွဲ့ဝင်များ အားလုံးတက်ရောက်မည်ဟု သဘောထား ထုတ်ပြန်
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)
၂၁ရာစု ပင်လုံညီလာခံသို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC)အဖွဲ့ဝင်များ အားလုံး အတူတကွ ပါဝင်တက်ရောက်မည်ဟု ယနေ့ သြဂုတ် ၂၅ ရက်နေ့တွင် အဆိုပါအဖွဲ့မှ သဘောထား ထုတ်ပြန်လိုက်သည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေး အတွက် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်သို့ တက်လှမ်းနိုင်ရန်ရည်ရွယ်လျှက် လာမည့် ၂၁-ရာစုပင်လုံညီလာခံသို့ UNFC အဖွဲ့ဝင်အဖွဲ့အစည်းများအနေဖြင့် အားလုံးနှင့်အတူတကွ ပါဝင်တက်ရောက်မည်ဖြစ်သည်။
UNFC ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် (တိုးချဲ့)အစည်းအဝေးကို သြဂုတ်လ ၂၄မှ ၂၅ရက် နှစ်ရက် တိတိပြုလုပ်ပြီး ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN)နှင့် အစိုးရကိုယ်စားလှယ် အဖွဲ့တို့ ဆွေးနွေးခဲ့ကြသည့်ရလဒ်အပေါ်တွင်လည်းကောင်း၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ် အစည်းအဝေးနှင့် ၂၁-ရာစုပင်လုံ ကျင်းပရေးပူးတွဲကော်မတီ ပထမအကြိမ်အစည်းအဝေး ရလဒ်တို့အပေါ် တွင်လည်းကောင်း အစီရင်ခံတင်ပြခြင်း၊ အပြန်အလှန်မေးမြန်းဆွေးနွေး သုံးသပ်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့သည်။
အဆိုပါ UNFC အဖွဲ့တွင် အစိုးရနှင့် အပစ်ခတ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၆ဖွဲ့နှင့် လက်မှတ်ရေးထိုးထားခြင်းမရှိသော အဖွဲ့၅ဖွ့ဲ စုစုပေါင်း ၁၁ဖွဲ့ ပါဝင်သည်။(Xinhua)