Connect with us

Politics, Law & Military

ဥပဒေ ၂၇ ခုတို့အတွက် နည်းဥပဒေ အမြန် ထုတ်ပြန်ပေးရန် အစိုးရအဖွဲ့အား တိုက်တွန်း

ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် သက်တမ်းကာလတွင် ပြဌာန်း ထုတ်ပြန်ခဲ့သည့် ဥပဒေပေါင်း ၂၃၂ ခု အနက် နည်းဥပဒေ မထုတ်ပြန်နိုင်သေးသည့် ဥပဒေ ၂၇ ခု ကျန်ရှိနေသဖြင့် ထိုဥပဒေများအတွက် နည်းဥပဒေများ အမြန်ဆုံး ထုတ်ပြန်ပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့တိုက်တွန်းခြင်းကို ပြည်ထောင်စု လွှတ်တော်က ယနေ့အစည်းအဝေးတွင် မှတ်တမ်းတင် အတည်ပြုခဲ့သည်။

“အဆိုပါ နည်းဥပဒေ ထုတ်ပြန်နိုင်ခြင်း မရှိသေးတဲ့ ဥပဒေ ၂၇ ခုနဲ့ပတ်သက်ပြီး ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ရဲ့ စိစစ် ဆောင်ရွက်ချက်နဲ့ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများသို့ နည်းဥပဒေများ အမြန် ထုတ်ပြန်နိုင်ရေး တိုက်တွန်းချက်တို့ကို ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။
ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်က ပြည်ထောင်စု လွှတ်တော်သို့တင်ပြချက်တွင် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် သက်တမ်းကာလ၌ ထုတ်ပြန်ခဲ့သည့် ဥပဒေပေါင်း ၂၃၂ ခု ရှိပြီး နည်းဥပဒေ မထုတ်ပြန် နိုင်သေးသည့် ဥပဒေမှာ ၂၇ ခု ကျန်ရှိသည်ကို စိစစ် တွေ့ရှိသဖြင့် နည်းဥပဒေများ အမြန် ထုတ်ပြန်ပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း ပါဝင်ခဲ့သည်။
“လွှတ်တော် အသီးသီးမှာ ဖွဲ့စည်းထားတဲ့ ကော်မတီများ အနေနဲ့လည်း သက်ဆိုင်တဲ့ ဥပဒေများအလိုက် နည်း ဥပဒေများ ထုတ်ပြန်ပြဌာန်းနိုင်ရေး တွန်းအားပေး ဆောင်ရွက်ဖို့လိုပါတယ်။ ပြည်ထောင်စု လွှတ်တော်ကလည်း နည်းဥပဒေ ထုတ်ပြန်ဖို့ကျန်ရှိတဲ့ ဥပဒေ ၂၇ ခုအတွက် နည်းဥပဒေ များ အမြန် ထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရ အဖွဲ့နဲ့သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများသို့ အကြောင်းကြား ပေးပို့ထားပြီး ဖြစ်ပါတယ်” ဟုလည်း ပြည်ထောင်စု လွှတ်တော် နာယက က တိုက်တွန်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.