Science & Technology
ရန်ကုန်တိုင်းဒေသကြီးတွင် လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသည့် စက်ရုံစာရင်း ကောက်ယူ
ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လုပ်ငန်း လုပ်ကိုင်ခြင်း မရှိတော့သည့် စက်ရုံများ စာရင်းကို အတိအကျ သိရှိနိုင်ရန် စက်မှုဇုန် ကော်မတီများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရေး ကော်မတီက စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီများ နှင့် ပူးပေါင်း၍ စာရင်း ကောက်ယူလျက် ရှိကြောင်း မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူ များအသင်း (MIA) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းတာဝန်ရှိသူက “ ဒီကိစ္စ နဲ့ ပက်သက်လို့ ကျွန်တော်တို့ အသင်းအနေနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြသွားဖို့ ရှိပါတယ်’’ ဟု ပြောသည်။
စာရင်းဟောင်းများ အရ စက်မှုဝန်ကြီး ဌာန၌ တရားဝင် မှတ်ပုံတင် ထားသည့် စက်ရုံ ၄၄,ဝဝဝ ကျော်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်း စက်မှုဇုန်ပေါင်း ၂၉ ခုတွင် ဇုန် ၂ဝ ဝန်းကျင်သာ လုပ်ငန်း လည်ပတ် လုပ်ကိုင်လျက် ရှိကြောင်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီများမှ သိရသည်။
လတ်တလော စက်မှုဇုန်များ၌ လစ်လပ်နေသည့် မြေနေရာနှင့် ဂိုဒေါင်များ စာရင်း၊ လျှပ်စစ်မီး သုံးစွဲမှုနှင့် ရေဆိုးရေညစ် စွန့်ထုတ်မှု တို့ကိုလည်း စာရင်းများ လိုက်လံ ကောက်ခံ နေကြောင်း သိရသည်။
လက်ရှိတွင် စက်မှုဝန်ကြီး ဌာန လက်အောက်ရှိ နိုင်ငံပိုင်စက်ရုံ ၄၇ ရုံကို ပြည်တွင်း ပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ နှစ်တို၊ နှစ်ရှည် ငှားရမ်းလုပ်ကိုင် ခွင့်ပြုသွားမည် ဖြစ်သည်။ စက်မှုဝန်ကြီး ဌာန ကြီးကြပ်မှု အောက်ရှိ စက်မှုလုပ်ငန်းများနှင့် စက်ရုံများအား ခေတ်နှင့် လျော်ညီပြီး လုပ်ငန်း သဘာဝနှင့် ကိုက်ညီမည့် အမည်သို့ ပြောင်းလဲခြင်း၊ လုပ်ငန်းချင်း တူသည့် စက်ရုံငယ်များကို စုစည်း၍ စက်ရုံကြီးများ၏ ဖွဲ့စည်းပုံ အတွင်းသို့ ထည့်သွင်း ဖွဲ့စည်းခြင်းနှင့် ဖက်စပ် လုပ်ငန်း တည်ထောင် ဆောင်ရွက်ခြင်း တို့ကို ငှားရမ်းခြင်း ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။ (Xinhua)