Connect with us

Science & Technology

အင်တာနက်သုံးစွဲခ လျှော့ချနိုင်ရန် Infrastructure Sharing လုပ်မည်

မြန်မာနိုင်ငံ တစ်ဝှမ်း အင်တာနက် ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းမှ ဆွေးနွေးနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

အင်တာနက် သုံးစွဲခ နှုန်းထားများကို အများလက်ခံနိုင်သည့် သင့်တင့်သော ဈေးနှုန်းသို့ လျှော့ချနိုင်ရန် အခြေခံ အဆောက်အအုံများ တည်ဆောက်ရာတွင် ဆက်စပ် ဌာနများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များအကြား မျှဝေ ဆောင်ရွက်ခြင်း (Infrastructure Sharing) ကို စတင် ဆောင်ရွက်တော့မည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းက ယနေ့ နေပြည်တော်၌ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန နှင့် A4AI (Alliance for Affordable Internet) တို့ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ တစ်ဝှမ်း အင်တာနက် ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ဈေးနှုန်း ချိုသာသည့် အင်တာနက်ကို နိုင်ငံအနှံ့ အဆင်ပြေစွာ သုံးစွဲနိုင်ရေး စီမံချက် (Infrastructure Sharing) လုပ်ငန်းစဉ်ကို ၂၀၁၆ သြဂုတ်လကုန်တွင် စတင် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။

“ဒီလုပ်ငန်းအတွက် အတိုင်ပင်ခံလုပ်ငန်းတွေ ဖိတ်ခေါ်ထားပြီ၊ သြဂုတ်လကုန်ပိုင်းမှာ စာချုပ်ချုပ်မယ်။ ပထမအဆင့်က ဘယ်နေရာတွေမှာ ဘယ်လို လုပ်သင့်သလဲ ဆိုတဲ့ ပေါ်လစီချမယ်။ ပြီးရင် အဲဒါတွေကို အကောင်အထည် ဖော်တာ ဆက်လုပ်သွားမယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းက ပြောသည်။

မြန်မာနိုင်ငံ တစ်ဝှမ်း အင်တာနက် ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် A4AI အမှုဆောင်ညွှန်ကြားရေးမှူး Ms. Sonia Jorge မှ ဆွေးနွေးနေစဉ် (ဆင်ဟွာ)

“Infrastructure Sharing ကို သတင်းအချက်အလက် နှင့် ဆက်သွယ်ရေး နည်းပညာ (ICT) ကဏ္ဍမှာ မဖြစ်မနေ ပထမဦးဆုံး ဆောင်ရွက်ဖို့ လုပ်နေတယ်။ ICT ကဏ္ဍ တိုးတက်ဖို့ ဆိုတာလည်း အခြေခံအဆောက်အအုံ တိုးတက်မှ ရမယ်။ ICT ကဏ္ဍ တိုးတက်ရင် တစ်နိုင်ငံလုံး စီးပွားရေး တိုးတက်လာမယ်။ ပြည်တွင်းအသားတင်ကုန်ထုန်လုပ်မှု (GDP) ပါ တိုးတက်လာမယ်။ ဒါကြောင့် Infrastructure Sharing လုပ်တာဟာ ကျွန်တော်တို့ telecom ကဏ္ဍ တစ်ခုတည်းအတွက် မဟုတ်ဘူး။ operator တွေ အကျိုးအတွက်လည်း မဟုတ်ဘူး။ တစ်နိုင်ငံလုံးရဲ့ အကျိုးအတွက် ဒါကို တတ်နိုင်သရွေ့ အဟန့်အတား အခက်အခဲတွေ လျော့အောင်၊ ဈေးနှုန်းတွေ လျော့အောင် ဦးစားပေးပြီး ဆောင်ရွက်နေပါပြီ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ တစ်ဝှမ်း အင်တာနက် ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ မြင်ကွင်း (ဆင်ဟွာ)

လွယ်ကူ လျင်မြန်ပြီး ဈေးသက်သာသည့် အင်တာနက် သုံးစွဲနိုင်ရေး အတွက် infrastructure က မဖြစ်မနေ နေရာ အနှံ့အပြားသို့ ရောက်ရှိပြီး ဈေးနှုန်း သက်သာစွာဖြင့် ဆောင်ရွက်နိုင်ရမည်ဟု လည်း သူက ပြောသည်။ “ဈေးနှုန်းသက်သာဖို့ကျတော့ sharing basic နဲ့ သွားရမယ်။ တချို့နိုင်ငံတွေမှာ Dig-one policy ဆိုပြီး အဝေးပြေးလမ်းကြီး ဆောက်တယ်။ Infrastructure အနေနဲ့အဲဒီမှာ လျှပ်စစ်လည်း သုံးလို့ရတယ်။ ဆက်သွယ်ရေး ကေဘယ်လ်တွေလည်း ချလို့ရတယ်။ ဒါတွေ တစ်ခါတည်း တူးပြီး ထည့်သွားလို့ရှိရင် cost က တက်မလာတော့ဘူး။ duplicate cost မဖြစ်တဲ့ အခါကျတော့ အခြေခံအဆောက်အအုံအတွက် စရိတ်လျော့သွားပြီး ဈေးနှုန်းတွေလည်း အများကြီး လျော့သွားတယ်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေလည်း လျော့နည်းသွားတယ်” ဟုလည်း Infrastructure Sharing နှင့် ပတ်သက်ပြီး သူက ရှင်းပြသည်။

မြန်မာနိုင်ငံ အနေဖြင့် အခြေခံအဆောက်အအုံ လုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေအပြင် USF (Universal Service Fund) ဖြင့်လည်း ဆောင်ရွက်သွားမည် ဖြစ်ရာ အဆိုပါ USF သို့ ပြည်တွင်းရှိ ပုဂ္ဂလိက ဖုန်းအော်ပရေတာများ၊ ဆက်စပ် အဖွဲ့အစည်းများကလည်း ဝင်ငွေ အချိုးအရ ထည့်ဝင်ကြရမည်ဟု ဦးစိုးသိန်းက ပြောသည်။

သုံးစွဲသူများ ဈေးနှုန်းချိုသာစွာ အသုံပြုနိုင်ရေးတွင် အခွန်အကောက်များ လျှော့ချပေးဖို့လည်း လိုအပ်သည်ဟု ၎င်းက ပြောသည်။“ အခွန်အကောက်လျှော့ချခြင်း (Taxation reduction) ကလည်း အဲဒီအတိုင်းပါပဲ။ အပြောင်းအလဲကြီးတစ်ခုလုံးကို ခြုံပြီး စဉ်းစားရတာပေါ့။ အခွန် (Tax) က ကျွန်တော်တို့ဝန်ကြီးဌာန ဥပဒေအရ ကောက်တာ မဟုတ်ပါဘူး။ အခွန်ဥပဒေအရ ကောက်တာပါ။ ကျွန်တော်တို့နဲ့လည်း လုပ်ငန်းအရ ပတ်သက်နေတော့ သုံးစွဲသူ ပေးရတဲ့ အခွန် ၅ % နဲ့ပတ်သက်ပြီး တော့လည်း အခွန်ဝန်ကြီးဌာနနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ တစ်ချို့နိုင်ငံမှာ ၇ % ကောက်တယ်၊ တချို့နိုင်ငံမှာ ၁၀ % ကောက်တယ်။ ကျွန်တော်တို့ အခု ညှိနေတာက အဲဒီအခွန်ကို သင့်လျော်တဲ့ နှုန်းထား ဖြစ်ဖို့Tax တွေ နှစ်ဆမဖြစ်ဖို့ operator တွေအနေနဲ့ရော သုံးစွဲသူတွေ အနေနဲ့ရော အဆင်ပြေတဲ့ Tax ပုံစံမျိုး ရအောင် ညှိနှိုင်း ဆွေးနွေး နေကြပါတယ်” ဟု သူက ဆင်ဟွာ၏ အမေးကို ဖြေကြားခဲ့သည်။

A4AI သည် operator များ၊ ICT လုပ်ငန်း လိုင်စင်ရထားသူများ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ပတ်သက်ပြီး ကူညီ ဖြေရှင်းပေးရင်း မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို တိုးတက်အောင် ဝိုင်းဝန်း ဆောင်ရွက်လျက် ရှိသော အဖွဲ့ဖြစ်ကြောင်း သိရသည်။ (Xinhua)