Science & Technology
ရန်ကုန်-မန္တလေး အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်း ကျော်လွန် မောင်းနှင်သော ယာဉ်လိုင်း ၇၄ လိုင်းကို ၁,၂၈၁ ကြိမ် သတိပေးမှု ပြုထားဟုဆို
ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ)
ရန်ကုန်-မန္တလေး အမြန်လမ်း၌ သတ်မှတ်ထားသော မိုင်နှုန်း ၁၀၀ ထက် ကျော်လွန် မောင်းနှင်သော ယာဉ်လိုင်း ၇၄ လိုင်းကို ၁,၂၈၁ ကြိမ် သတိပေးမှု ပြုထားဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါ သတ်မှတ် အရှိန်နှုန်း ကျော်လွန်မောင်းသည့် ခရီးသည်တင် ယာဉ်လိုင်း ၇၄ လိုင်းမှ ၇၇ အကြိမ် အဖြစ် အများဆုံး သတိပေးခံရသည့် ခရီးသည်တင် ယာဉ်လိုင်းမှာ မန်းရာဇာ ယာဉ်လိုင်း၊ ၆၈ ကြိမ်အဖြစ် ဒုတိယ အများဆုံး သတိပေးခံရသော ခရီးသည်တင် ယာဉ်လိုင်းမှာ ရွှေလားရှိုး၊ ၆၅ ကြိမ်အဖြစ် တတိယ အများဆုံး သတိပေးခံရသော ခရီးသည်တင် ယာဉ်လိုင်းမှာ ထွန်းဧရာ ခရီးသည်တင် ယာဉ်လိုင်း၊ ၅၂ ကြိမ်အဖြစ် စတုတ္ထ အများဆုံး သတိပေးခံရသည့် ခရီးတင် ယာဉ်လိုင်းမှာ JJ Express တို့ ဖြစ်သည်။
Traffic Information Center နှင့် Telematic စနစ် ၂ အရ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး ထိန်းသိမ်း ပြုပြင်ရေးနှင့် ကြီးကြပ်ရေး အဖွဲ့သည် လမ်းမကြီးကို အသုံးပြု၍ သွားလာလျက် ရှိသည့် ခရီးသွား ပြည်သူများ၏
အသက်အန္တရာယ် ဘေးကင်း လုံခြုံရေး အတွက် နည်းပညာ အကူအညီဖြင့် Traffic Management ကို အများပြည်သူ ခရီးသည်တင် အဝေးပြေး ယာဉ်များတွင် ကနဦး တပ်ဆင်၍ ဆောင်ရွက်ခဲ့ရာ သတ်မှတ် အရှိန်နှုန်း ကျော်လွန်သဖြင့် Traffic Information Center မှ ဖုန်းဆက် သတိပေးရသည့် ယာဉ်လိုင်း ၇၄ လိုင်း ရှိခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။
အမြန် လမ်းမကြီး အသုံးပြု၍ သွားလာလျက် ရှိသည့် ခရီးသွားပြည်သူ များ၏ အသက် အန္တရာယ် ဘေးကင်း လုံခြုံရေး အတွက် စည်းကမ်းပိုင်း ဆိုင်ရာနှင့် အင်ဂျင်နီယာပိုင်း ဆိုင်ရာ ပြုပြင် ဆောင်ရွက်ခြင်း များကို အမြန်လမ်းမကြီး ထိန်းသိမ်း ပြုပြင်ရေးနှင့် ကြီးကြပ်ရေး အဖွဲ့သည် အမြန်လမ်း ရဲတပ်ဖွဲ့၊ အမြန်လမ်း ကြက်ခြေနီအဖွဲ့နှင့် အမြန်လမ်းမကြီး မီးသတ်တပ်ဖွဲ့ တို့နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)