Connect with us

Science & Technology

မြန်မာ့ ကမ်းလွန် လုပ်ကွက် A-3 တွင် ရှာဖွေရေးတွင်း မဟာ(၁)မှ သဘာဝ ဓာတ်ငွေ့ တစ်ရက်လျှင် ပျမ်းမျှ ကုဗပေ ၃၈ သန်းကျော် အထိ စမ်းသပ်ရရှိ

မြန်မာ့ ကမ်းလွန် လုပ်ကွက် A-3 တွင် ဓာတ်ငွေ့တူးဖော်ရေး သင်္ဘော (Drill-Ship) Maersk Viking အား တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Electricity and Energy,Myanmar)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ အနောက်ဘက် ကမ်းလွန်လုပ်ကွက် A-3 ရှိ မဟာ(၁) ရှာဖွေရေးတွင်း၌ စမ်းသပ်တိုင်းတာမှုများ အရ သဘာဝ ဓာတ်ငွေ့ တစ်ရက်လျှင် ပျမ်းမျှ ကုဗပေ ၃၈သန်းကျော် အထိ စမ်းသပ်ရရှိကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

မဟာ (၁) ရှာဖွေရေးတွင်းကို ၂၀၁၉ ခုနှစ် ၊ နိုဝင်ဘာလ ၂၉ ရက်တွင် Top Hole စတင်တူးဖော်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ရည်မှန်းအနက် ၂,၅၉၈ မီတာ (၈,၅၂၄ ပေ) ထိ ရောက်ရှိ တူးဖော်နိုင်ခဲ့ကြောင်း ၊ မဟာ (၁) ရှာဖွေရေးတွင်းတွင် စမ်းသပ် တိုင်းတာရရှိသော အချက်အလက်များအရ သဘာဝ ဓာတ်ငွေ့ ခိုအောင်း နေသော ရည်မှန်းသဲကြော G4 ကို အနက် ၁,၁၄၇ မီတာတွင် တွေ့ရှိခဲ့ပြီး သဲကြောအထူ ၁၂ မီတာ (၄၀ ပေ) ခန့်မှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မှု စမ်းသပ်ခြင်း (Drill Stem Test) ကိုဆောင်ရွက်ခဲ့ရာ သဘာဝဓာတ်ငွေ့ တစ်နေ့လျှင်ပျမ်းမျှ ကုဗပေ ၃၈ သန်းကျော် အထိ စမ်းသပ်ရရှိသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။ 

မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-1/A-3 တွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ထုတ်လုပ်မှုပေါ် ခွဲဝေခံစားရေး စာချုပ် (PSC) စာချုပ်ချုပ်ဆို၍ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကို ပူးပေါင်းဆောင်ရွက်နေသော POSCO international ကုမ္ပဏီ ၊ ONGC ကုမ္ပဏီ၊ GAIL ကုမ္ပဏီနှင့် KOGAS ကုမ္ပဏီတို့သည် လုပ်ကွက် A-3 တွင် ရှာဖွေရေးတွင်း ကစ္စပနဒီ(၁) ၊ မဟာ(၁)၊ ရန်အောင်မြင်(၁) အစမ်းတွင်း ၃ တွင်းကို အသုတ်လိုက် တစ်ပြိုင်တည်း စနစ်ဖြင့် တူးဖော်နေခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အတူ တူးဖော်ရေး သင်္ဘော (Drill-Ship) Maersk Viking သည် လုပ်ကွက်အမှတ် A-3 ရှိ ရှာဖွေရေးတွင်း ရန်အောင်မြင် (၁)ကို ယခုဖေဖော်ဝါရီလအတွင်း ဆက်လက် တူးဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် A-3 အတွင်းတွင် POSCO international ကုမ္ပဏီမှ မြ(၁) ရှာဖွေရေး တွင်းကို ၂၀၀၅ ခုနှစ်တွင် စတင်တူးဖော်ခဲ့ပြီး သဘာဝဓာတ်ငွေ့ စီးပွားဖြစ်တွေ့ရှိခဲ့ကြောင်း ၊ ၂၀၀၉ ခုနှစ်တွင် လုပ်ကွက်အမှတ် A-1 ရှိ ရွှေသဘာဝ ဓာတ်ငွေ့နှင့် လုပ်ကွက်အမှတ် A-3 ရှိ မြသဘာဝဓာတ်ငွေ့တို့ကိုပေါင်းပြီး ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၅၀၀ ခန့် ထုတ်လုပ် ဖြန့်ဖြူးခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လုပ်ကွက်အမှတ် A-3 အတွင်း ရှာဖွေရေးတွင်း/အကဲဖြတ်တွင်းများ ဆက်လက် တူးဖော်၍ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၏ ပြည်ပပို့လွှတ်မှုနှင့် ပြည်တွင်းသုံးစွဲမှုတို့ကို ဆက်လက်ထိန်းသိမ်းနိုင်အောင် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.