Connect with us

Science & Technology

နည်းပညာသစ်များနှင့်အညီ လိုက်လျောညီထွေ မပြောင်းလဲနိုင်လျှင် e-Government မအောင်မြင်နိုင်ဟု ဆို

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အဖွင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

အစိုးရဌာန အသီးသီးအနေဖြင့် e-Government ကို အကောင်အထည်ဖော်ရာတွင် အစိုးရ၏ လုပ်ငန်း စဉ်များနှင့် အလုပ်လုပ်ကိုင်သည့် ပုံစံများကို တိုးတက်နေသည့် နည်းပညာသစ်များနှင့် အညီ လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲသွားရမှာဖြစ်ကြောင်း၊ ထိုသို့ လိုက်လျောညီထွေ ဖြစ်အောင် မပြောင်းလဲနိုင်လျှင် e-Government မအောင်မြင်နိုင်သည်ကို သတိပြုကြရန်မှာကြားလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံရဲ့ လက်ရှိ E-Government ဖွ ံ့ဖြိုးတိုးတက်မှုဟာ ၂၀၁၆ ခုနှစ်မှာ နိုင်ငံပေါင်း ၁၉၃ နိုင်ငံ အနက် အဆင့် ၁၆၉၊ ၂၀၁၈ ခုနှစ်မှာ အွန်လိုင်း ဝန်ဆောင်မှုတွေ၊ ဆက်သွယ်ရေး အခြေခံ အဆောက် အအုံတွေ၊ မိုဘိုင်း ဝန်ဆောင်မှုတွေ တိုးတက်လာတဲ့အတွက် အဆင့် ၁၅၇ကိုတိုးတက် လာခဲ့ပါ တယ်၊ ဒါပေမယ့် အာဆီယံနိုင်ငံတွေရဲ့ တိုးတက်မှု နှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် အိမ်နီးချင်း နိုင်ငံတွေရဲ့ ပျမ်းမျှ တိုးတက်မှုနှုန်း အောက်မှာပဲ ရှိနေပါတယ်၊ ဒါကြောင့် အခုထက်ပိုမိုပြီး အရှိန် အဟုန်ဖြင့် ကြိုးပမ်းကြဖို့ လိုအပ်ပါတယ်”ဟုလည်း ၎င်းက ပြောခဲ့သည်။

စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

နေပြည်တော် MICC II တွင် ယနေ့နံနက် ပြုလုပ်သော စတုတ္ထအကြိမ်မြောက် e-Government Conference & ICT Exhibition ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကအဖွင့်အမှာစကား ပြောခဲ့ခြင်းဖြစ်ပြီး  မိမိတို့သည် ကမ္ဘာ့အဆင့်၌ တိုးတက်မှု ရှိလာသော်လည်း အာဆီယံအဆင့်၌ မတက်လာသည့်အပြင် တစ်ခါတစ်ရံ ကျဆင်းသွားသည်ကို တွေ့ရကြောင်း၊ ထိုအခြေအနေမှာ အိမ်နီးချင်း နိုင်ငံများသည် မိမိတို့နိုင်ငံထက် တိုးတက်မှု မြန်သည်ကို ပြသနေကြောင်း၊ တိုးတက်ရုံနှင့် မလုံလောက်ဘဲ တိုးတက်မှုနှုန်း မြန်ဆန်ဖို့က အရေးကြီးကြောင်း၊ ထိုအချက်ကို e-Government က အစီအစဉ်က အထောက်အကူပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ e-Government ဝန်ဆောင်မှု အကူအညီ ပေးသည့်အခါ အားလုံး တန်းတူ ရရှိ အသုံးပြုနိုင်ခွင့် ရရှိရေး ဂရုစိုက်ရန် လိုအပ်ကြောင်း၊ e-Government ကို အကောင်အထည်ဖော်ခြင်းဖြင့် အစိုးရနှင့် ပြည်သူ၊ အစိုးရနှင့် စီးပွားရေး လုပ်ငန်းများ၊ အစိုးရဌာန အချင်းချင်း၊ အစိုးရနှင့် နိုင်ငံ့ဝန်ထမ်းများ အကြား ဝေးကွာမှုများ လျော့ကျ သွားပြီး အစိုးရဌာနများ၏ လုပ်ကိုင်ဆောင်ရွက်မှုများ ပိုမို မြန်ဆန်လာစေမှာ ဖြစ်ကြောင်း၊ နိုင်ငံ၏ လိုအပ်နေသည့် ရေရှည် ဖွံ့ဖြိုး တိုးတက်မှုများ ရရှိပြီး ဆင်းရဲမှုများ လျော့ကျစေရန်အတွက် e-Government အကောင်အထည်ဖော်မှုက အလွန်အရေးပါကြောင်း၊ e-Government ၏ အကျိုး သက်ရောက်မှုသည်အလွန် များပြားကြောင်း။ ထို့ကြောင့် e-Government ကဏ္ဍ တိုးတက်မှု မရှိလျှင် ပြည့်စုံသော တိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှုကို မရနိုင်ကြောင်း၊ e-Governmet ဖွံ့ဖြိုး တိုးတက်မှုကို တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုအား တိုင်းတာသော အညွှန်းကိန်းအဖြစ် ကမ္ဘာ့ ကုလ သမဂ္ဂအဖွဲ့က သတ်မှတ်ထားကြောင်း၊ e-Government အသွင်ကူးပြောင်းရန် ယခုထက်ပိုပြီး ကြိုးစား လုပ်ဆောင်ရန် နှင့် အရှိန်မြှင့်ကြရန် လိုနေပြီဟု ပြောကြားလိုကြောင်း၊ အချင်းချင်း ပူးပေါင်းပြီး နည်းလမ်းများ ရှာကြရန် လိုအပ်ကြောင်း၊ ယခု ညီလာခံတွင် မိမိတို့ ရှာဖွေနေသည့် လိုလားနေသည့် အခြေအနေကို ဆွေးနွေး တိုင်ပင်ပြီး အကြံကောင်းများ တွေ့ရှိလာရန် မိမိမျှော်လင့်ကြောင်း၊ မိမိတို့ နိုင်ငံအတွက် အထူးလိုအပ်ချက်များကို သတိပြုပြီး မြန်မြန်ဆန်ဆန် တိုးတက်နိုင်ရေးအတွက် ကြိုးစားစေလိုကြောင်းလည်း ပြောကြားခဲ့သည်။

4th e-Government Conference & ICT Exhibition အားဖွင့်လှစ်ပေးကြစဉ်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အဖွဲ့ပြခန်းများအား လှည့်လည် ကြည့်ရှုကြစဉ်(ဆင်ဟွာ)

e-Government ဦးဆောင်ကော်မတီ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်တို့ ပူးပေါင်း စီစဉ်ပြီး ဖေဖော်ဝါရီ ၁၈ ရက်မှ ၁၉ ရက်အထိ ပြုလုပ်မည့် စတုတ္ထအကြိမ်မြောက် e-Government Conference & ICT Exhibition သို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနိုင်ငံတော် ဒုတိယ သမ္မတ၊ e-Government ဦးဆောင်ကော်မတီ ဥက္ကဌ ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် ဥက္ကဌ ဦးဇေယျာလှိုင်၊ ပြည်ထောင်စု အဆင့် အရာရှိကြီးများ၊ ICT လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး  ဝန်ကြီးဌာနများမှ ICT ပြခန်း ၁၃ ခန်း၊ ICT ကုမ္ပဏီများမှ ပြခန်း ၃၇ ခန်း တို့ ပါဝင်ပြသကြောင်း သိရသည်။(Xinhua)