Science & Technology
ရန်ကုန်မြို့ရှိ အရေးကြီးနေရာများတွင် CCTV ကင်မရာများ တပ်ဆင်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့ရှိတန်ခိုးကြီးဘုရားများနှင့် နိုင်ငံခြားသားများ အသွားများသည့် နေရာများတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် လာမည့်နှစ်တွင် CCTV ကင်မရာများ တပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လာမည့် နှစ်ထဲတွင် လမ်းဘေးဓာတ်တိုင်ပေါင်း တစ်သိန်းလောက်မှ သုံးထောင်လောက်အား ရွေးထုတ်ကာ အရေးကြီးသည့် နေရာများတွင် ဆိုလာစနစ်နှင့် မီးလင်းနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အဆိုပါ ဓာတ်တိုင် သုံးထောင်နှင့် အတူ CCTV ကင်မရာများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ လုပ်ဆောင်ရာတွင် နိုင်ငံတော် ဘတ်ဂျက်သုံးစရာမလိုဘဲ ဆက်သွယ်ရေးကုမ္ပဏီများမှ မြေအောက်လမ်းကြောင်းများ ဖောက်လုပ်နေခြင်းဖြစ်ကြောင်း၊ အစိုးရဓာတ်မီးတိုင်များမှ ဆက်သွယ်ရေး လိုင်းများအား ဆက်သွယ်ရန်အတွက် လာရောက်လျှောက်ထားကြသည့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းများ က လှူဒါန်းသည့် ဓာတ်တိုင်များ နှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ဓာတ်တိုင်ပေါင်းတစ်သိန်းကို တပ်ဆင်ပါက နှစ်နှစ်ခန့် အချိန်ပေးရမည်ဖြစ်ပြီး သုံးထောင်ကို ဦးစွာ စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)