Social
ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော် ဧရိယာအတွင်း ဥပဒေ နှင့် မညီ ဆောင်ရွက်သည့် စီးပွားရေး လုပ်ငန်းများ အရေးယူမည်
ရန်ကုန် ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ)
ကျိုက်ထီးရိုး ဆံတော်ရှင် စေတီတော် ပရိဝဏ်နှင့် ဆက်စပ်ဧရိယာအတွင်း ဆောင်ရွက်နေသော စီးပွားရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန် ၊ လိုက်နာရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ယနေ့စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန် အသိပေးခဲ့သည်။
ကျိုက်ထီးရိုးဆံတော်ရှင်သို့ ဘုရားဖူး ရဟန်းရှင်လူပြည်သူ အများ စိတ်ချမ်းမြေ့စွာ ကြည်ညို သဒ္ဒါပွားနိုင်ရေး ၊ တရားဥပဒေစိုးမိုးရေး တို့အတွက် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဆောင်ရွက်သွားမည့် အချက် ၈ ချက်အား ထည့်သွင်း ထုတ်ပြန်ခဲ့သည်။
သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာနမှ ဆောင်ရွက်သွားမည့် အချက်များ အနက် စေတီတော်၏ ဝတ္တကမြေအတွင်းရှိ တည်းခိုခန်း ပြုလုပ်ထားသော ဓမ္မာရုံများကို အခမဲ့တည်းခိုခွင့်ရရှိရေး အတွက် ပြန်လည်ပြုပြင် ဆောင်ရွက်သွားမည် ဖြစ်ပြီး စေတီတော် ရင်ပြင်၊ ရသေ့တောင်၊ ကင်ပွန်းစခန်း၊ ရေမြောင်ကြီး၊ ကျီးကန်းပါးစပ်နှင့် အခြားအလှူခံဌာနများအား ကန်ထရိုက်ပေး ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဖျက်သိမ်း၍ လုပ်ငန်းများ ကို ဂေါပကအဖွဲ့မှ စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် လမ်းညွှန်သွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်၌ လက်ရှိအခြေအနေတွင် ရွှေဆိုင်း အရည်အသွေး ညံ့ဖျင်းခြင်း၊ အရွယ်အစားမမှန်ကန်ခြင်းနှင့် ဈေးနှုန်းကြီးမြင့်ခြင်း တို့ကို ပြုပြင်နိုင်ရန် ရွှေဆိုင်းတင်ဒါပေးသွင်းမှုစနစ် မှန်ကန်ရေးအတွက် စီမံကြီးကြပ် ဆောင်ရွက်မည် ဖြစ်ပြီး ၊ ဂေါပကစည်းမျဉ်းနှင့်အညီ ဂေါပက အဖွဲ့မှ ဆောင်ရွက်နိုင်ရေး ဒေသ အာဏာပိုင်အဖွဲ့အစည်းနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။
ထို့ပြင် ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး အဓွန့်ရှည် တည်တံ့ ခိုင်မြဲရေး ၊ တရားဥပဒေ စိုးမိုးရေးနှင့် ဘုရားဖူး ရဟန်းရှင်လူပြည်သူများ စိတ်ချမ်းမြေ့စွာ ဘုရားဖူးနိုင်ရေး အတွက် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓဝေယျာဝစ္စ ကိစ္စရပ်များကို ပြည်ထောင်စုဝန်ကြီး ဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ကွပ်ကဲမှုအောက်တွင် ထားရှိမည်ဖြစ်ပြီး ၎င်းတို့ကိုယ်စား အသစ်ဖွဲ့စည်းသွားမည့် ဂေါပကအဖွဲ့မှ အနီးကပ်ကြီးကြပ် တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)