Social
ခေါင်လန်ဖူးသို့ ရိက္ခာအစား ငွေသားပို့ရန် စီစဉ်မည်ဟု လူ-ကယ်-ပြန် ဝန်ကြီးပြော
နေပြည်တော်၊ မေ ၂၅ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ် အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက် မှ ယနေ့အထိ မိုးအဆက်မပြတ် ရွာသွန်းခဲ့သဖြင့် အစိုးရ ဝန်ထမ်းများ၊ ဒေသခံများ သွားလာ နေထိုင်ရေးသာမက စားနပ်ရိက္ခာ ပြတ်လပ်မှုပါ ကြုံတွေ့နေရသောကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့က လမ်း ၊ တံတားများ ပြင်ဆင်ပေးခြင်း၊ ရိက္ခာများ ပေးပို့ခြင်းတို့ဆောင်ရွက်လျက် ရှိသည်။ သို့ရာတွင် ခေါင်လန်ဖူး ဒေသကမူ နိုင်ငံ၏ အစွန်အဖျား အကျဆုံးလည်းဖြစ် သွားလာရေး အခက်ဆုံးလည်း ဖြစ်သောကြောင့် ရိက္ခာများ တင်ပို့မည့် အစား အိမ်နီးချင်း တရုတ်နိုင်ငံဘက်မှ ရိက္ခာဝယ်ယူနိုင်ရန် ငွေပို့ရန် စီစဉ်မည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် ဆင်ဟွာကို ပြောခဲ့သည်။
ပူတာအိုနှင့် ခေါင်လန်ဖူးမှာ ကားလမ်းဖြင့် မိုင် ၁၃၀ ကျော်သာ ရှိသော်လည်း ပူတာအိုမှ ၆၅ မိုင်အထိသာ ကားသွားနိုင်ပြီး ကျန်ခရီးအတွက် လားများပေါ် ပစ္စည်းတင်၍ ခြေလျင် လျှောက်ကြရကြောင်း၊ ငါးညအိပ် – ခြောက်ရက်တိုင် ခြေလျင်ခရီး ဖြစ်ကြောင်း၊ ရိက္ခာ သွားထမ်းသည့် အထမ်းသမားများ ထမ်းလာသည့် ရိက္ခာ တစ်ဝက်ခန့်မှာ လမ်းခရီးမှာပင် ကုန်သွားကြောင်း၊ ထိုသို့ပူတာအိုမှ ရိက္ခာ သယ်ယူမည့်အစား ခေါင်လန်ဖူးနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်း တရုတ်နိုင်ငံမှ ရိက္ခာဝယ်ယူခြင်းက ပို၍ အဆင်ပြေကြောင်း ခေါင်လန်ဖူး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအာမိုးဆီက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးသို့တင်ပြခဲ့သည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ၃၃ ရက်မြောက်နေ့အစီအစဉ်တွင် ကချင်ပြည်နယ်မှ ခေါင်လန်ဖူး၊ ချီဖွေ နှင့် ဆွမ်ပရာဘွမ် မဲဆန္ဒနယ်တို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအာနိုးဆီ၊ ဦးဇုန်းတိန့်နှင့် ဦးလုံခြုံဆမိုင်တို့က မိုးကြီး ရေလျှံ သဘာဝ ဘေးဒဏ်များကြောင့် ပျက်စီး ဆုံးရှုံးမှုများနှင့် ဒေသခံ ပြည်သူတို့ စားဝတ် နေရေး၊ သွားလာရေး ခက်အခဲများအား ပြည်ထောင်စု အစိုးရက ဖြေရှင်း ဆောင်ရွက်ရန် အရေးကြီးအဆို နှစ်ခု၊ မေးခွန်း တစ်ခုတို့ကို တင်သွင်းခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ မြန်မာနိုင်ငံ အမျိုးသား ရှာဖွေ ကယ်ဆယ်ရေး ကော်မတီ ကိုယ်စား ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေတို့က ကချင်ပြည်နယ် အတွင်း ရိက္ခာ ကားအစီးရေ ထောင်ချီ ပေးပို့ခဲ့ခြင်း ၊ တပ်မတော် ရဟတ်ယာဉ် ဖြင့်လည်း ဆန်အိတ် တစ်ထောင် သယ်ပို့ခြင်း၊ လမ်းတံတားများ ယာယီ ပြင်ဆင် ပေးခြင်း အပါအဝင် ယမန်နှစ်မှ ယခု မေလ ၂၅ ရက် အထိ ၎င်းတို့အစွမ်းကုန် ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့မှုများကို ရှင်းလင်း ဖြေကြားခဲ့သည်။
ချီဖွေ မြို့နယ်တွင် မိုးအဆက်မပြတ် ရွာခဲ့သဖြင့် အိမ် ၁၁၄ လုံး ပျက်စီးကာ လမ်းပျက်သဖြင့် အဆက်အသွယ် ပြတ်ပြီး မည်သည့် နေရာကိုမှ သွားမရဘဲ သောင်တင်နေသည့် အိမ် ၄၀၉ လုံး ရှိကြောင်း၊ သဘာဝဘေးကြောင့် အခက်ကြုံနေရသော မိသားစုပေါင်း ၂,၅၅၄ စု ရှိကြောင်းလည်း ဦးဇုန်းတိန့် က လွှတ်တော်သို့တင်ပြခဲ့သည်။
လောလောဆယ်တွင် မြစ်ကြီးနားနှင့် ပူတာအိုသို့ရိက္ခာနှင့် အခြား အထောက်အပံ့ပစ္စည်းများ ရောက်ရှိနေပြီး သဘာဝဘေးကြောင့် ပျက်စီးသွားသော ကြိုးတံတား သုံးစင်းနှင့် ချောင်းကူးတံတား ငါးစင်းတို့အနက် ငါးစင်းကို ယာယီ ပြင်ဆင်ထားပြီးကြောင်း ပြည်ထောင်စု ဝန်ကြီးများက ရှင်းပြခဲ့သည်။ (Xinhua)