Connect with us

Social

ယာဉ်စီးရေ နှစ်ထောင်ကျော် နေ့စဉ် ဖြတ်သန်းမှုရှိသော မြို့များတွင် မြို့ရှောင်လမ်း ဖောက်မည်

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ခရီးလမ်း အချက်အခြာကျပြီး စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးသည့် မြို့များတွင် လူဦးရေ သိပ်သည်းလာသည်နှင့် အမျှ မြို့အတွင်းသို့ယာဉ်ဝင်ထွက်မှုများ များပြားလာကြောင်း၊ နေ့စဉ် ယာဉ်ဝင်ထွက် ဖြတ်သန်းမှု အစီးရေ နှစ်ထောင် အထက် ရှိသည့် မြို့များတွင် မြို့ရှောင်လမ်းများ ဖောက်လုပ်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“မြန်မာပြည် တစ်ပြည်လုံးတွင် ယာဉ်သွားလာမှု တိုးတက် များပြားလာတဲ့အတွက် သထုံ၊ ဖြူး၊ ညောင်လေးပင်၊ မိတ္ထီလာ၊ ကျိုင်းတုံ၊ လားရှိုး စတဲ့ မြို့ကြီးများမှာ မြို့ရှောင်လမ်းများ ဆောင်ရွက်ရန် တင်ပြ အဆိုပြုထားတာတွေ့ရပါတယ်။ တစ်နေ့တာ ယာဉ်သွားလာမှုနှုန်း (AADT) အစီးနှစ်ထောင် အထက် ရှိတဲ့ မြို့များကို ဦးစားပေး အစီအစဉ်အနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။
စစ်ကိုင်း တိုင်းဒေသကြီး ရွှေဘိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေဇင်လတ်က “ရွှေဘိုမြို့တွင် မြို့ရှောင်ကွင်းလမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ မရှိနှင့် ရှိပါက မည်သည့်နှစ်တွင် ဆောင်ရွက်ပေးနိုင်မည်နည်း” ဟူ၍ ပြည်သူ့လွှတ်တော်တွင် ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းခဲ့သည်ကို ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က လာရောက် ဖြေကြားရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
လမ်းပန်း အချက်အခြာကျပြီး လူဦးရေ ထူထပ်လာကာ ယာဉ်ဝင်ထွက်မှု များပြားလာသည့် ရွှေဘိုမြို့တွင် မြို့ရှောင်လမ်း ဖောက်နိုင်ရန် မြို့နယ် အဆင့်က ကွင်းဆင်း တိုင်းတာထားပြီး ဖြစ်ကြောင်းနှင့် ပထမ ဦးစားပေးနှင့် ဒုတိယ ဦးစားပေး လမ်းအူကြောင်းများ သတ်မှတ်ခဲ့ပြီးဖြစ်ရာ ထိုလမ်းအူကြောင်းများကို ဆောက်လုပ်ရေး ဝန်ကြီးဌာန (ရုံးချုပ်) မှ ကျွမ်းကျင် လမ်းဒီဇိုင်းနှင့် ပုံထုတ်အဖွဲ့များ ထပ်မံ စေလွှတ်ကာ မြေပြင်တွင် အသေးစိတ် ပြန်လည် တိုင်းတာမည် ဖြစ်ကြောင်းနှင့် အားနည်းချက် အားသာချက်များကို စိစစ်၍ သင့်လျော်သည့် လမ်းအူကြောင်းကို ပြန်လည် ရွေးချယ်ကာ စစ်ကိုင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့သည်။
ရွှေဘိုမြို့ မြို့ရှောင်လမ်း အတွက် မြို့နယ်အဆင့် တိုင်းတာရေး အဖွဲ့တို့က ၂၀၁၆ မေလ ၁၂ ရက်တွင် ကွင်းဆင်း တိုင်းတာခဲ့ရာ မန္တလေး – စစ်ကိုင်း – ရွှေဘို လမ်း မိုင်တိုင် ၆၈/ဝ၊ ရွှေဘိုမြို့အဝင်မှ အရှေ့ဘက် တစ်လျှောက် ဖြတ်သန်းကာ ရွှေဘို – ကျောက်မြောင်းလမ်းပေါ်သို့ ဖောက်လုပ်နိုင်သည့် ၃.၁၉ မိုင်ရှည်သော လမ်းအူကြောင်း ကို ပထမ ဦးစားပေး အဖြစ်လည်းကောင်း၊ မန္တလေး – စစ်ကိုင်း – ရွှေဘို လမ်းမိုင် ၆၉ /၂၊ ၆၉ / ၃ ကြားရှိ ရွှေဘိုမြို့ အဝင် မုဆိုးခြုံ တူးမြောင်း တစ်လျှောက် အရှေ့ဘက်သို့ တစ်မိုင်ခန့်အကွာမှ ရွှေဘို – ကျောက်မြောင်း လမ်းပေါ်သို့ ဖောက်လုပ်နိုင်သည့် ၂.၈၄ မိုင် ရှည်သော လမ်းအူကြောင်းကို ဒုတိယ ဦးစားပေး အဖြစ်လည်းကောင်း သတ်မှတ်ထားသည် ဟုလည်း ဝန်ကြီးက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117