Connect with us

Social

ပင်းယ-အင်းဝ ဒေသရှိ သမိုင်းဝင် အဆောက်အအုံများအား ပြုပြင်ထိန်းသိမ်းလျက်ရှိ

ဘကြီးတော် စစ်ကိုင်းမင်း၏ လေးထပ်ကျောင်းတော်ကြီးအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ပင်းယ-အင်းဝ ဒေသရှိ သမိုင်းဝင် အဆောက်အအုံ ကြီးများဖြစ်သော ပင်းယမြို့ရှိ ဂူသုံးလုံး ဘုရားတွင် အလယ်ဂူ၊ အင်းဝမြို့ရှိ လေးထပ်ကြီး အုတ်ကျောင်းတော်၊ နန်းမြင့်မျှော်စင်၊ စန္ဒပူရီတံခါးနှင့် ကျိုင်းရုံးတံခါးကြားရှိ မြို့ရိုး၊ နန်းမြို့တော် မြို့ရိုးနှင့် အင်းဝပြတိုက် မွမ်းမံ ထိန်းသိမ်းခြင်းနှင့် အဆင့် မြှင့်တင်ခြင်း လုပ်ငန်းကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ငွေကျပ်သိန်း ၁,၈၂ဝ အကုန်အကျခံကာ ပြန်လည်ပြုပြင် ထိန်းသိမ်းနေပြီ ဖြစ်ကြောင်း အင်းဝပြတိုက်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ပင်းယ မြို့ဟောင်းရှိ ဂူကြီးသုံးလုံးတွင် အလယ်ဂူကို စတင်ပြင်ဆင်နေပြီ ဖြစ်ကြောင်း၊ စန္ဒပူရီတံခါးနှင့် ကျိုင်းရုံးတံခါးကြားရှိ မြို့ရိုးကို မြစ်ရေ မဝင်အောင် ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အင်းဝ နန်းတွင်းမြို့ရိုး အတွင်းရှိ နန်းမြင့် မျှော်စင်သည် ယခင်က မျှော်စင်ပေါ်သို့ တက်ရန် ပြုလုပ်ထားသော လှေကားများမှာ ပျက်စီး ယိုယွင်း နေသဖြင့် အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ်ကာ အပေါ်သို့ တက်ခွင့်ကို ပိတ်ပင်ထားခဲ့ရာ ယခုအခါ ထိုသို့ ပျက်စီး နေသော လှေကားများနှင့် အထွေထွေ လိုအပ်ချက်များကို ပြုပြင်ကာ အပေါ်သို့ တက်ရောက် ကြည့်ရှု နိုင်သည်ထိ ပြုပြင် သွားမည် ဖြစ်သည်။

အင်းဝမြို့တွင် အပြင်မြို့ရိုး၊ မြို့တော်မြို့ရိုး၊ နန်းမြို့တော် မြို့ရိုးဟူ၍ သုံးထပ်ရှိရာတွင် နန်းမြို့တော် မြို့ရိုးကို ပြုပြင် ထိန်းသိမ်းမှုများ ပြုလုပ်သွားမည် ဖြစ်ပြီးဘကြီးတော် စစ်ကိုင်းမင်း ကောင်းမှု လေးထပ် အုတ်ကျောင်းတော်ကြီးကိုလည်း ကျောင်းတော်ကြီး တစ်ခုလုံး လှည့်ပတ် ကြည့်ရှုနိုင်သည်ထိ ချုံများ ရှင်းလင်းကာ ရှေးမူမပျက် ပြုပြင်ထိန်းသိမ်း သွားမည် ဖြစ်သည်။

အင်းဝပြတိုက်၏ အထွေထွေ လိုအပ်ချက်များကို ပြုပြင်ပြီး ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများကို အဆင့်မြှင့် ခင်းကျင်းပြသနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.