Social
ရန်ကုန်မြို့၌ တရုတ်နှစ်သစ်ကူးပွဲတော် ယခင်နှစ်ထက် စည်ကားစွာကျင်းပရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် တိုက်တွန်း
ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်ရှိ တရုတ်တန်း၌ တရုတ်နှစ်သစ်ကူးပွဲတော်ကို ယခင်နှစ်များထက် ပိုမိုစည်ကားစွာ ကျင်းပရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်းပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၁ရက်နေ့က ပြုလုပ်သော တရုတ်ကုန်သည်ကြီးများအသင်း (၁၀၈)နှစ်ပြည့် အခမ်းအနားတွင် အထက်ပါအတိုင်း တိုက်တွန်းပြောကြား ခဲ့သည်။
ယင်း တရုတ်နှစ်သစ်ကူးပွဲကို နှစ်စဉ်စည်စည်ကားကား ကျင်းပတတ်သည့် ဟောင်ကောင်၊ စင်ကာပူ အစရှိသော နိုင်ငံများကဲ့သို့ စည်စည်ကားကားကျင်းပကာ နိုင်ငံခြားသားခရီးသွားများကို ဆွဲဆောင်နိုင်သော ပွဲမျိုးဖြစ်စေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ၏ တရုတ်နှစ်သစ်ကူးပွဲတော်ကို အရင်ထက်စည်ကားအောင်ကျင်းပရန် တိုက်တွန်းခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ယခုနှစ် ကျရောက်သော ကြက် တရုတ်နှစ်သစ်ကူးနေ့ အခမ်းအနားကို ဇန်နဝါရီ ၂၈ရက်မှ ၃၀ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။
အဆိုပါ တရုတ်နှစ်သစ်ကူးပွဲတော်ကို တရုတ်ကုန်သည်ကြီးများအသင်းက ဦးစီးပြီး ဖူးကျင့်လူမျိုးများအသင်း၊ ယူနန်လူမျိုးများအသင်း၊ ကန်တုန်လူမျိုးများအသင်းတို့က ပူးပေါင်းကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလတွင်း(၁၅)ရက်ကို မီးထွန်းပြီးအလှဆင်ခြင်း၊ အဆောက်အဦများကို အလှဆင်ခြင်း ပြုလုပ်မည်ဖြစ်ပြီး ပွဲတော်ရက် သုံးရက်တွင် နဂါးအက၊ ခြင်္သေ့အကများ၊ ဘင်ခရာ တီးဝိုင်းများ ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။(Xinhua)