Social
အာမခံနှင့် စတော့ အိတ်ချိန်း လုပ်ငန်းတို့၏ အဖွဲ့ ဥက္ကဋ္ဌ ရာထူးမှ ဒေါက်တာ မောင်မောင်သိမ်း နှုတ်ထွက်ခွင့် တင်
ရန်ကုန် ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
ယခင် အစိုးရ လက်ထက်တွင် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ဒုတိယ ဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့သူ ဒေါက်တာ မောင်မောင်သိမ်းသည် အာမခံလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့နှင့် ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ တို့၏ ဥက္ကဋ္ဌ ရာထူးတို့မှ နှုတ်ထွက်ခွင့် ပြုရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးထံသို့တင်ပြထားကြောင်း သိရသည်။
“နှုတ်ထွက်ခွင့် ပြုမပြုတာတော့ မသိဘူး။ ဆရာ့ဘက်က ဆုံးဖြတ်ပြီး သွားပါပြီ။ နောက်ပိုင်းတော့ အရင် အလုပ်တွေ ဖြစ်တဲ့ စာသင်တာ စာဖတ်တာပဲ လုပ်တော့မှာပါ”ဟု ဒေါက်တာ မောင်မောင်သိမ်းက ဆင်ဟွာသို့ ယနေ့ဧပြီလ ၂၉ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
ဒေါက်တာ မောင်မောင်သိမ်းသည် ၎င်း၏ နှုတ်ထွက်စာအား ဧပြီလ ၂၈ ရက်တွင် တင်ပြခဲ့ခြင်း ဖြစ်ပြီး အာမခံကဏ္ဍနှင့် စတော့ အိတ်ချိန်း ကဏ္ဍတို့တွင် အခြေခံ ကောင်းများ ရရှိနေပြီ ဖြစ်ကြောင်း ၊ လူသစ်များ အနေဖြင့် ဆက်လက် ဆောင်ရွက်သွားနိုင်မည်လည်း ဖြစ်ကြောင်း ၊ ထိုအဖွဲ့နှစ်ဖွဲ့စလုံး၏ ဥက္ကဋ္ဌ ရာထူးမှ မေလ ၁ ရက်နေ့မှ စ၍ နှုတ်ထွက်ခွင့် ပြုရန် တင်ပြထားကြောင်း သိရသည်။
အာမခံ လုပ်ငန်းတွင် ၁၉၆၃ ခုနှစ်မှ စ၍ ရပ်ဆိုင်းနေခဲ့သော ပုဂ္ဂလိက အာမခံ ကုမ္ပဏီများ ဈေးကွက်ကို ၂၀၁၂ ခုနှစ်တွင် ပြန်လည် အသက်သွင်း၍ အာမခံ ဈေးကွက် တစ်ခုကို အောင်မြင်စွာ ထူထောင် ပေးနိုင်ခဲ့ပါကြောင်း ၊ ယခုအခါတွင် ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ၁၂ ခု ၊ နိုင်ငံပိုင် အာမခံ ကုမ္ပဏီ ၁ ခုတို့ဖြင့် ဈေးကွက် စီးပွားရေး စနစ်ကို အထောက်အကူပြု ပေးလျက် ရှိနေပြီ ဖြစ်ကြောင်း ၎င်း၏ နှုတ်ထွက်ခွင့် တင်ပြရာတွင် ထည့်သွင်း ဖော်ပြထားသည်။
စတော့ အိတ်ချိန်း ထူထောင်မှု နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် မည်သည့် အခါမျှ မရှိခဲ့ဘူးသော စတော့ အိတ်ချိန်းကို အောင်မြင်စွာ ထူထောင်ပေးနိုင်ခဲ့ပြီး နိုင်ငံတော်၏ ငွေကြေး စီးဝင်မှုများ ၊ ပြည်သူတို့အတွက် ရင်းနှီးမြှုပ်နှံရန် နေရာသစ် ၊ အများပိုင် ကုမ္ပဏီများ ငွေအရင်းအနှီး လွယ်ကူစွာ ရရှိနိုင်မှု ၊ ထိုမှတဆင့် နိုင်ငံ စီးပွားရေး တိုးတက်မှုတို့အတွက် အထောက်အကူပြု ဖြစ်ထွန်းမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ (Xinhua)