Social
ထီလက်မှတ်ပေါ်တွင် ရိုက်နှိပ်ထားသည့် တန်ဖိုး အတိုင်း မရောင်းချပါက အမည်ပျက် စာရင်း သတ်မှတ်မည့် အပြင် အာမခံငွေများ နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူမည်
ရန်ကုန် ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ)
ထီလက်မှတ်များကို ပြန်လည် ရောင်းချရာတွင် ထီလက်မှတ်ပေါ်၌ ရိုက်နှိပ်ထားသော တန်ဖိုး အတိုင်း ရောင်းချ ရန်နှင့် တန်ဖိုး အတိုင်း ရောင်းချခြင်း မပြုပါက ပဋိညာဉ် စာချုပ်ပါ အတိုင်း အမည်ပျက် စာရင်း အဖြစ် သတ်မှတ်ခြင်း ခံရမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ၊ အောင်ဘာလေ သိန်းဆု ဌာနခွဲမှ ဇန်နဝါရီလ ၂၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ထို့ပြင် လစဉ် ထီစာအုပ် ဝယ်ယူခွင့်ကို ပြန်လည် ရုတ်သိမ်းခြင်း ၊ ပေးသွင်းထားသော အာမခံငွေများ အားလုံး နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူခြင်း ခံရမည် ဖြစ်ကြောင်း သတင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အောင်ဘာလေသိန်းဆုဌာနခွဲမှ ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ် စာအုပ်များအား စုစုပေါင်း အက္ခရာလုံးရေ ၅၂ လုံး ထုတ်ဝေရန် လျာထားသည့် အနက် အက္ခရာလုံးရေ ၃၀ ကို အချိုးကျ ခွဲဝေ ရောင်းချပြီး ၂၂ လုံးကို အရန်ထီ အဖြစ် ထားရှိဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျပ် ၅၀၀ တန် အောင်ဘာလေ ထီလက်မှတ် စာအုပ်များ ခွဲဝေရောင်းချရာတွင် အက္ခရာလုံးရေ ၃၀ ၊ ထီစာအုပ်ပေါင်း ၂၄၅၄၅၄၀ အုပ်ကို လက်ရှိ ထီလုပ်ငန်းဆောင်ရွက်နေသော လုပ်ငန်းရှင်(အဟောင်း)များ၊ လုပ်ငန်းရှင် အသစ်များ ဖြစ်သော စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ဝင်ငွေခွန်ပေးဆောင်ထားသူများ၊ ဝင်ငွေရလမ်း စိစစ်ပြီးသူများ၊ ထီလုပ်ငန်းဆောင်ရွက်နေသူများနှင့် အသင်းအဖွဲ့/ကုမ္ပဏီများကို အချိုးကျ ခွဲဝေ ပေးခဲ့ကြောင်း သိရသည်။
အကြောင်းအမျိုးမျိုးကြောင့် ကျပ် ၅၀၀ တန် ထီစာအုပ်ဝယ်ယူရောင်းချခွင့် မရရှိသူများအနေဖြင့် ဝယ်ယူ ရောင်းချ လိုပါက လည်း အရန်ထီများမှ ရောင်းချပေးသွားမည်ဖြစ်ပါသဖြင့် သက်ဆိုင်ရာရုံးများနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။
အမြင့်ဆုံး ဆုငွေအဖြစ် ငွေကျပ် သိန်း တစ်သောင်း ချီးမြှင့်မည့် အောင်ဘာလေထီ ၅ဝဝ ကျပ်တန် ထီလက်မှတ် များအား မတ်လတွင် ဖြန့်ဖြူး ရောင်းချကာ ဧပြီလ ၁ ရက်တွင် ပထမအကြိမ် စတင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)