Social
နိုင်ငံတကာ ခရီးသွားဝန်ဆောင်မှုပြပွဲ (မြန်မာ) ၂ဝ၁၇ ကျင်းပမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ခရီးသွားအဖွဲ့ချုပ် (MTF) ၏ တရားဝင်မိတ်ဖက် အဖွဲ့ အစည်းဖြစ်သော Travel Support ကုမ္ပဏီ လီမိတက်မှ နိုင်ငံတကာ ခရီးသွားဝန်ဆောင်မှုပြပွဲ (မြန်မာ) ၂ဝ၁၇ (International Tourism Expo , Myanmar 2017 ) ပွဲကြီးအား ရန်ကုန် မြို့ရှိ တပ်မတော်ခန်းမ၌ ဇန်နဝါရီ ၂ဝ ရက်မှ ၂၂ ရက်ထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ နိုင်ငံတကာ ခရီးသွားဝန်ဆောင်မှုပြပွဲ (မြန်မာ) ၂ဝ၁၇ ကျင်းပ ရခြင်းနှင့် ပတ်သက်၍ ပြည်တွင်းခရီးသွားလုပ်ငန်းများကို ခေတ်နှင့်အညီ အရှိန်အဟုန်မြှင့်တိုးတက်လာစေရန်အတွက်လည်းကောင်း၊ နိုင်ငံတကာ ခရီးသွားကုမ္ပဏီများနှင့် စီးပွားရေးပူးပေါင်းမှုများ ပိုမိုဆောင်ရွက်လာနိုင်စေ ရန်အတွက်လည်းကောင်း၊ ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်သော သတင်းအချက် အလက်များကို ပြည်သူများ ပိုမိုသိရှိလာစေရန်အတွက် လည်းကောင်း၊ ခရီးသွားဝန်ဆောင်မှုအမျိုးမျိုးကို တစ်နေရာတည်းတွင် စုံလင်စွာရရှိနိုင်စေရန်အတွက်လည်းကောင်း ကျင်းပရခြင်းဖြစ်ကြောင်း Travel Support ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးနွေမိုးအောင် က ပြောသည်။
အဆိုပါ နိုင်ငံတကာ ခရီးသွားဝန်ဆောင်မှုပြပွဲ (မြန်မာ) ၂ဝ၁၇ ကို ကျင်းပခြင်းအားဖြင့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေမည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ခရီးသွားနှင့် ဆက်စပ်နေသော ပြည်တွင်းစီးပွားရေး ကဏ္ဍအသီးသီး မှာလည်းပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ခရီးသွားနှင့် ဆက်စပ်နေသောနေ ရာဒေသများ၏ တိုးတက်မှုများကိုလည်း များစွာအထောက်အကူဖြစ်စေ မည်ဖြစ်ကြောင်း၊ မြန်မာ့ရေမြေသဘာဝအလှအပများ၊ မြန်မာ့ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းများကို နိုင်ငံတကာမှ ပိုမိုသိရှိလာစေမည်ဖြစ်ကြောင်း၊ ထို့ပြင် International Tourism Expo , Myanmar 2017 ပွဲကြီး၌ ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်နေသည့် ပြခန်းပေါင်း ၁၂၄ ခန်းဖြင့် ပြသသွား မည်ဖြစ်ပြီး Myanmar Tourism Federation ၏ လမ်းညွှန်မှုနှင့် ကူညီပံ့ပိုးမှု တို့ဖြင့် အဆိုပါပွဲအား နှစ်စဉ်ကျင်းပသွားရန်စီစဉ်ထားကြောင်း ဆိုသည်။ (Xinhua)