Social
ပြည်ပခရီးစဉ် လုပ်ငန်းလိုင်စင် မရှိဘဲ ဆောင်ရွက်နေသော ခရီးသွား ကုမ္ပဏီများကို မေလမှ စတင် အရေးယူသွားမည်

ရန်ကုန် ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
ပြည်ပခရီးစဉ် (Outbound Tour) လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ငန်းဆောင်ရွက်နေသော ခရီးသွား ကုမ္ပဏီများအား မေလမှ စတင်၍ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ ယနေ့ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အချို့သော ခရီးသွားကုမ္ပဏီများမှာ ပြည်ပခရီးစဉ် (Outbound Tour) လိုင်စင် လျှောက်ထား ရယူခြင်း မရှိသေးသော်လည်း သတင်းစာများတွင် ပြည်ပခရီးစဉ်များကို ကြော်ငြာ ဆောင်ရွက်နေသည်ကို တွေ့ရှိ ရကြောင်း ၊ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေး ဥပဒေတွင် ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်း တစ်ခုခုကို ဥပဒေအရ ထုတ်ပေးထားသော လိုင်စင်မရှိဘဲ လုပ်ကိုင် ဆောင်ရွက်ခြင်း မပြုရန် ပြဌာန်း ထားရှိသဖြင့် ပြည်ပခရီးစဉ် လုပ်ငန်း ဆောင်ရွက်မည် ဆိုပါက လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန် လိုအပ်ကြောင်း သိရသည်။
ယခုအခါတွင် ပြည်ပခရီးစဉ် (Outbound Tour) လုပ်ငန်းကို စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ လုပ်ငန်း လိုင်စင်များ ခွင့်ပြု ပေးလျက်ရှိရာ ဧပြီလ ၂၈ ရက်အထိ လိုင်စင် ၁၈၂ ခုကို ခွင့်ပြုပေးထားပြီးဖြစ်ပြီး ထပ်မံ တင်ပြလာသော ကုမ္ပဏီများကိုလည်း စိစစ် ခွင့်ပြု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)