Connect with us

Social

အကြားအာရုံချို့တဲ့သူ မြန်မာ့စားဖိုမှူးတစ်ဦး၏ အနုပညာမြောက် အချိုပွဲပြင်ဆင်မှုကို ခံစားကြည့်ခြင်း

ရန်ကုန်မြို့  နိုဗိုတယ်ဟိုတယ်၌ အလုပ်လုပ်ကိုင်နေသည့် အကြားအာရုံချို့ တဲ့နေသည့် လက်ထောက်စားဖိုမှူး ကိုမျိုးနိုင်၏ အချိုပွဲပြင်ဆင်နေပုံများ(ဆင်ဟွာ)

 

ရန်ကုန် ၊ ဧပြီ ၃ဝ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့တော် ရန်ကုန်မြို့၏ အထင်ကရ ဟိုတယ်တစ်ခု၏ အလုပ်များပြားလှသည့် မီးဖိုဆောင်ထဲတွင် အဖြူရောင်စားဖိုမှူးဝတ်စုံကို ဆင်မြန်းထားသော ထူးထူးခြားခြားလူတစ်ဦးကို မြင်တွေ့ရနိုင်ပါသည်။

အသက် ၂၆ နှစ်အရွယ်ရှိ အကြားအာရုံချို့တဲ့သူတစ်ဦးဖြစ်သည့် ကိုမျိုးနိုင်သည် လက်ရှိတွင် ရန်ကုန်မြို့ရှိနိုဗိုတယ်ဟိုတယ်၏ အချိုပွဲပြင်ဆင်ရသည့် စားဖိုဆောင်တွင် လက်ထောက်စားဖိုမှူး ( Commis II ) အဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်။အကြားအာရုံချို့တဲ့နေသူတစ်ဦးအတွက် ပြင်ပအသံများ ၊ စကားပြောသံများကို မကြားနိုင်သော်လည်း ၎င်းသည် မိမိအလုပ်ပေါ်တွင် အာရုံစူးစိုက်ကာ စိတ်ကျေနပ်စွာ လုပ်ကိုင်လျက်ရှိနေသည်။

“ ကျွန်တော်အသက် ၇ နှစ်မှာ အပြင်းဖျားခဲ့တယ်။ အဲဒီဒဏ်နဲ့ပဲ အကြားအာရုံပျက်သွားရတယ်” လို့ကိုမျိုးနိုင်က နားမကြားသူများအတွက် လက်ဟန်ပြ ဘာသာပြန်ပေးသူမှတဆင့် ဆင်ဟွာသို့ပြောကြားခဲ့သည်။“ ကျွန်တော့်မိဘတွေရဲ့ မိတ်ဆွေကတဆင့် မေရီချက်ပ်မင်း နားမကြားသော ကလေးများကျောင်းကို ရောက်ခဲ့တယ်။ ရောက်ရောက်ခြင်းမှာတော့ ပတ်ဝန်းကျင်အသစ်နဲ့လိုက်လျောညီထွေမရှိခဲ့ဖူး။ အထူးသဖြင့် လက်ဟန်ပြဘာသာစကားကို ရင်းနှီးဖို့အရမ်းကို ကြိုးစားခဲ့ရတယ်။ အဲဒါကို လေ့ကျင့်ဖို့သုံးလလောက်အချိန်ယူခဲ့ရတယ်” ဟု ၎င်းက ရှင်းပြသည်။

သူသည် အလယ်တန်းအဆင့်ထိ ပညာသင်ကြားခဲ့ရသဖြင့် လက်ရှိတွင် စာကို ကောင်းစွာရေးနိုင် ဖတ်နိုင်စွမ်းရှိပါသည်။ မေရီချက်ပ်မင်းကျောင်းတွင် တက်ရောက်ခဲ့သော အချက်အပြုတ်သင်တန်းက ၎င်းအတွက် စားဖိုမှူးတစ်ဦးဖြစ်လာရန် ဝါသနာတစ်ခုကို နှိုးဆွပေးခဲ့သည်။ သူသည် Myanmar Deaf Chefs အချက်အပြုတ်သင်တန်း အပတ်စဉ်(၄)၊ ၂၀၁၆ခုနှစ် ကျောင်းဆင်းဖြစ်ပြီး ယင်းအဖွဲ့အစည်းမှတဆင့် NOVOTEL Hotel တွင် အလုပ်သင်အနေဖြင့် စတင်ဝင်ရောက်လုပ်ကိုင်ခြင်းဖြစ်ကြောင်း Myanmar Deaf Chefs ၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ သူတို့မှာအလုပ်အတွေ့အကြုံမရှိလည်း ပြဿနာမရှိပါဘူး။ ကျွန်မတို့ရဲ့ဝါရင့်ဝန်ထမ်းတွေ ၊ လက်ဟန်ပြဘာသာပြန်တွေရဲ့ အကူအညီနဲ့သူတို့ကို လေ့ကျင့်ပေးသွားမှာပါ။ ကိုယ်မျိုးနိုင်ကို ရွေးချယ်လိုက်တာဟာ သူ့အလုပ်ကြိုးစားမှုနဲ့ စိတ်အားထက်သန်မှုကြောင့်ပါပဲ” ဟု နိုဗိုတယ်ဟိုတယ်၏ Talent and Culture ဌာနမှ တာဝန်ရှိသူ ဒေါ်ချစ်ချစ်နိုင်က ဆိုသည်။ လေ့ကျင့်သင်ကြားမှုအစီအစဉ်၌ ကိုယ်အင်္ဂါ ချိုတဲ့သူများ ၊ အကြားအာရုံချို့တဲ့သူများ ပါဝင်သည့်အတွက် အစပိုင်းတွင် အပြန်အလှန်ပြောဆိုဆွေးနွေးမှုပြုလုပ်ရန် အခက်အခဲများရှိခဲ့သည်။ သို့သော် ယခုအခါ ဝန်ထမ်းများသည် လက်ဟန်ပြဘာသာစကားကို ကောင်းစွာတတ်မြောက်နေပြီဖြစ်၍ အစစအရာရာပို၍ အဆင်ပြေလာခဲ့သည်။

ကိုမျိုးနိုင်အလုပ်ဝင်ရောက်ပြီး တစ်နှစ်အကြာတွင် ၄င်း၏ အလုပ်ပေါ် ကြိုးစားအားထုတ်မှု ၊ လုပ်ငန်းကျွမ်းကျင်မှုများကြောင့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီတွင် ဟိုတယ်၏ ဝန်ထမ်းစွမ်းဆောင်ရည်ဆု (Talent Award for trust) ကို ချီးမြှင့်ခံခဲ့ရသည်။ ၄င်း၏လုပ်ဖော်ကိုင်ဖက်များက ကိုမျိုးနိုင် နှင့်ပတ်သက်၍ ၄င်းသည် လုပ်ငန်းခွင်ထဲတွင် ယုံကြည်ကိုးစားထိုက်သူတစ်ဦးဖြစ်ကြောင်း နှင့် ပူးပေါင်းဆောင်ရွက်သော အလေ့အကျင့်ကောင်းရှိသူတစ်ဦးဖြစ်ကြောင်း ချီးမွမ်းစကားဆိုခဲ့သည်။

သို့သော် ကိုမျိုးနိုင်အတွက် အရားအားလုံးသည် ပန်းခင်းလမ်းမဟုတ်ပေ။ သူသည် ယခင်က လူတစ်ချို့၏ နှိမ့်ချခွဲခြားဆက်ဆံခံရမှုများလည်း ကြုံတွေ့ခဲ့ရသည်။ သို့သော် ထိုအရာများကို ဂရုမစိုက်ဘဲ အောင်မြင်သော အချိုပွဲပြင် စားဖိုမှူးကောင်းတစ်ယောက်ဖြစ်ရန် ၄င်း၏ ရည်မှန်းချက်ကို မဆုတ်မနစ်ကြိုးပမ်းအားထုတ်ခဲ့သည်။ “ ဘဝတူသူငယ်ချင်းတွေကို အားပေးပါတယ်။ ခင်ဗျားတို့ကို လူတွေက ဘယ်လိုပဲ နှိမ့်ချဆက်ဆံပါစေ လက်မြှောက်အရှုံးမပေးဘဲ အကောင်းဆုံးဆက်လက်ကြိုးစားသွားဖို့တိုက်တွန်းချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုမပျောက်ဆုံးလိုက်ပါနဲ့” ဟု ကိုမျိုးနိုင်ကဆိုသည်။ ထို့ပြင် ၄င်းအား လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတစ်ဦးအဖြစ် လက်ခံပေးခဲ့ကြသူ အားလုံးကိုလည်း ကျေးဇူးတင်စကားဆိုခဲ့သည်။ လူငယ်တစ်ဦးဖြစ်သော ကိုမျိုးနိုင်သည် ယခုအခါ ၄င်း၏ ဘဝရည်မှန်းချက်အတွက် ဆက်ပြီး တိုက်ပွဲဝင်လျက်ရှိသည်။ ပြုမူလုပ်ဆောင်ဖွယ်ရာများ များပြားလှသည့် ဟိုတယ်၏ မီးဖိုချောင်ထဲတွင် အသံဗလံပေါင်းစုံဆူညံနေလင့်ကစား ကိုမျိုးနိုင်သည် အောင်မြင်သော အချိုပွဲပြင်စားဖိုမှူး(Pastry Chef) တစ်ယောက် ဖြစ်ရန် ၄င်း၏ ရည်မှန်းချက်အတိုင်း ကိတ်မုန့်များ နှင့် အချိုပွဲများကို အာရုံစိုက်၍ ပြင်ဆင်ပေးလျက် ရှိနေတော့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.