Social
အထက် ရဲရွာ ရေအား လျှပ်စစ် စီမံကိန်း ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် ပြီးစီးရန် လျာထား
ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ)
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် တောင်ခြေကျေးရွာအနီး မြစ်ငယ်မြစ်ပေါ်တွင် ၂ဝ၁ဝ ပြည့်နှစ်က စတင်ဆောင်ရွက်ခဲ့သည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် ပြီးစီးရန် လျာထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ဖော်ပြချက်အရ သိရသည်။
အထက်ရဲရွာစီမံကိန်း၏ ပင်မတမံ၊ ရေသွယ်ဥမင်လိုဏ်၊ ရေယူအဆောက်အအုံနှင့် ဓာတ်အားပေး စက်ရုံ တို့အတွက် မြေကြီး/ကျောက်သားတူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်မှုမှာ ၂၅.၃ဝ၁ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ထိုစီမံကိန်းမှ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၄ဝ၉ ကို မြန်မာတစ်နိုင်ငံလုံးသို့ ထုတ်လုပ် ဖြန့်ဖြူး ပေးနိုင်ရန် ရည်ရွယ် အကောင်အထည်ဖော် လျက်ရှိပြီး စီမံကိန်းဆောင်ရွက်ပြီးစီးပါက ထွက်ရှိ လာမည့် ဓာတ်အားများကို ရွှေစာရံ ဓာတ်အား ခွဲရုံ မှတစ်ဆင့် မဟာဓာတ်အားလိုင်း၏ ဓာတ်အားကွန်ရက်အတွင်းသို့ လည်းကောင်း၊ နိုင်ငံတော် ဓာတ်အားကွန်ရက်အတွင်းရှိ ရှမ်းပြည်နယ်(မြောက်ပိုင်း) မန်စံ ဓာတ်အားပေးရုံမှ တစ်ဆင့် လားရှိုးနှင့် သီပေါဓာတ်အားခွဲရုံများသို့ ဓာတ်အား ပို့လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂ဝ၃ဝ ခုနှစ်တွင် တစ်နိုင်ငံလုံးလျှပ်စစ် ဓာတ်အားပြည့်ဝစွာရရှိရေးစီမံချက်ကို ADB ၊ World Bank ၊ JICA စသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ ချေးငွေများ၊ အထောက်အပံ့များရယူ၍ အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ယနေ့အထိ တစ်နိုင်ငံလုံးတွင် ကျေးရွာ ၆၃၈၅၉ ရွာရှိသည့်အနက် ကျေးရွာ ၃၁၈၇၂ ရွာကို လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်သဖြင့် တစ်နိုင်ငံလုံးကျေးရွာပေါင်း၏ ၅ဝ ရာခိုင်နှုန်းခန့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။(Xinhua)