Connect with us

Social

COVID-19 ရောဂါဖြေလျှော့မှုဖြင့် ပြည်တွင်းခရီးစဉ်များ ပြန်လည်စတင်ရန်ခွင့်ပြုချိန်တွင် ခရီးသွားများ၏ ကျန်းမာရေးဆိုင်ရာဘေးကင်းလုံခြုံမှုရှိပါက ခွင့်ပြုပေးမည်ဟုဆို

ခရီးသွားများ ပုဂံတွင် လည်ပတ်နေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 ရောဂါ ဖြေလျှော့မှုများဖြင့် ပြည်တွင်းခရီးစဉ်များပြန်လည်စတင်ချိန်တွင် ခရီးသွားများအတွက် ယာဉ်၊ရထား၊လေယာဉ်များ အပါအဝင် စားသောက်ဆိုင်များ၊ ဟိုတယ်များ တွင် ကျန်းမာရေးဆိုင်ရာဘေးကင်းလုံခြုံမှုရှိပါက ခရီးစဉ်များအားဆောင်ရွက်ရန် ထောက်ခံပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်အေးဟန်က ဆင်ဟွာသို့ ဒီဇင်ဘာ ၈ ရက်တွင်ပြောကြားသည်။

COVID-19 ရောဂါကြောင့် ခရီးသွားကဏ္ဍသည် သုည အနေအထားအထိကျဆင်းခဲ့ကြောင်း၊ ထို့ကြောင့် COVID-19 ဖြေလျှော့မှုများဆောင်ရွက်ပါက ခရီးသွားကဏ္ဍတွင် ပြည်တွင်းခရီးစဉ်များဖြင့် ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရသည်။

“ပြန်စရင် ပြည်တွင်းခရီးသွားကဏ္ဍနဲ့ ပြန်စရမှာပါ။ အဲလိုပြန်စတဲ့အခါမှာ ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့တွေကို ကျွန်တော်တို့ဌာနအနေနဲ့ ဖွဲ့စည်းပေးနေတယ်။ ခရီးသွားတွေရဲ့ကျန်းမာရေးဆိုင်ရာဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်ပြီး ဒီအဖွဲ့တွေ က ဆော်အောရမယ်။ လိုက်လံပြီးတော့ စောင့်ကြည့်ရမယ်။ စစ်ဆေးရမယ်။ အဲဒါမှ ဘေးကင်းလုံခြုံတဲ့ လည်ပတ်မှုခရီးစဉ်တွေ ဖြစ်လာမှာဖြစ်ပါတယ်’’ ဟု ဦးအောင်အေးဟန် ကဖြည့်စွက်ပြောကြားသည်။

COVID-19 ဖြေလျှော့သည့်အချိန်၌ ပြည်တွင်းခရီးသွားကဏ္ဍတွင် နယ်ကျော်၍ ခရီးသွားလာခွင့်ရရှိစေရေးနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ တင်ပြထားကြောင်း သိရသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က “တိုင်းဒေသကြီး ပြည်နယ်ကိုကျော်ပြီး ခရီးသွားခွင့်ရဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆွေးနွေးနေပါတယ်။ ခရီးသွားတဲ့အခါ စနစ်တကျ ထိန်းချုပ်မှု၊အကန့်အသတ်နဲ့ ဖွင့်လှစ်နိုင်ဖို့ ဆွေးနွေးနေတယ်။ခရီးစဉ်တွေ ဆောင်ရွက်တဲ့အခါ Standard operation Procedure (S.O.P) ကို အသစ်ပြန်လုပ်ပြီးဘယ်လိုပုံစံနဲ့ သွားရမယ်ဆိုတာ ရှေ့ပြေးစီမံကိန်းတွေ စဆွဲနေပါတယ်။ ချောင်းသာ၊ ငွေဆောင်သွားရင် ခွင့်ပြုသင့်တဲ့ ပုံစံနဲ့ ပတ်သက်ပြီး အဆိုပြုလွှာရေးဆွဲနေပါတယ်။’’ ဟုဆင်ဟွာသို့ပြောကြား သည်။
ယခင် Bus ကားဖြင့် သွားသည့် ခရီးစဉ်များအစား အုပ်စုငယ်လေးများနှင့် သွားရောက်နိုင်မည့် ခရီးစဉ် များအဖြစ် ပြောင်းလဲ စီစဉ်လာနိုင်ကြောင်း ဦးနောင်းနောင်းဟန်ကဆိုသည်။

“ကျန်းမာရေးဘေးကင်းလုံခြုံမှုရှိမယ့် ခရီးစဉ်မျိုးဆိုရင် ကျွန်တော်တို့ အနေနဲ့ ခွင့်ပြုသွားရမှာပါ’’ ဟု ဦးအောင်အေးဟန်က ပြောကြားခဲ့သည်။ (Xinhua)

#ခရီးသွား #ဦးအောင်အေးဟန် #ဦးနောင်းနောင်းဟန် #ဆင်ဟွာ
#Travelling #UAungAyeHan #UNaungNaungHan #Xinhua

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.