Social
ရာစုနှစ်ကြာ ပူးပေါင်းဆောင်ရွက်မှု – ဧရာဝတီလင်းပိုင်များက မြန်မာ့လူ့အဖွဲ့အစည်းများ၏ ငါးဖမ်းခြင်းနှင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ကူညီပေးလျက်ရှိ
ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် ရှင်သန်နေထိုင်လျက်ရှိသည့် ဧရာဝတီလင်းပိုင်များသည် ဒေသခံတံငါသည်များနှင့်အတူ ကြုံတွေ့ရခဲသော ပူးပေါင်းဆောင်ရွက်မှုဖြင့် ယှဉ်တွဲနေထိုင်လာခြင်းမှာ ရာစုနှစ်တစ်ခုကျော်ကြာရှိပြီဖြစ်သည်။မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ကျေးရွာများတွင် ထူးခြားသောမဟာမိတ်အဖွဲ့ရှိသည်။ ယင်းမှာ တံငါသည်များနှင့် လင်းပိုင်များ အကျိုးတူ ငါးဖမ်းကြခြင်းဖြစ်ရာ ၎င်းတို့၏ အားထားမှုမှာ အပြန်အလှန်နားလည်မှုဖြစ်ပြီး ခေတ်မီငါးဖမ်းကိရိယာမဟုတ်ကြပေ။ ဤသို့သော ရာစုနှစ်ချီသည့်ရင်းနှီးမှုသည် မြစ်ကမ်းတစ်လျှောက် လူမှုအသိုက်အဝန်း၏ ရေရှည်တည်တံ့သော နေထိုင်မှုဘဝပုံစံအဖြစ် ပြောင်းလဲပေးခဲ့ပြီဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆင်ကျွန်းကျေးရွာတွင် နေထိုင်သည့် အသက် ၆၇ နှစ်အရွယ် ဒေသခံ တံငါသည်တစ်ဦးဖြစ်သူ ဦးမောင်လေးက “၁၉၈၄ ခုနှစ်ကတည်းက ကျွန်တော် ဧရာဝတီလင်းပိုင်နဲ့ အကျိုးတူ ငါးဖမ်းခြင်းကို အတူတကွလုပ်ဆောင်ပါတယ်။ ဧရာဝတီလင်းပိုင်ကို အကျိုးတူငါးဖမ်းလုပ်ကိုင်တာ ခေါက်တံရဲ့အနေအထား၊ လှော်တက်ရဲ့ပုံစံ၊ လှော်တက်နဲ့ လှေပြင်ကို ခတ်တာ၊ ဒါမှမဟုတ် တိုင်နဲ့ ရေထဲကို ထုပြီးခေါ်ပါတယ်။ ဧရာဝတီလင်းပိုင်နဲ့ အကျိုးတူငါးဖမ်းတဲ့အခါမှာ ခေတ်မီငါးဖမ်းတာနဲ့ မတူတာကတော့ နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုပေ့ါ” ဟု ပြောသည်။
“လှေမှာခေါက်တံနဲ့ ခေါက်ပြီး အသံအချိတ်အဆက်ပေးတာပေ့ါ။ သစ်သားကိုမှ ကျွန်းသားတို့ ဝါးချွန်တို့နဲ့ လုပ်ထားတဲ့ တုတ်နဲ့ လှေနံဘေးကို ခေါက်လိုက်တယ်။ သူကြားတဲ့နေရာကနေ လှေနားကိုရောက်လာတယ်။ ဧရာဝတီလင်းပိုင်နဲ့ ငါးဖမ်းရင် ပိုပြီးငါးများများရတယ်”
“သဘာဝအတိုင်း ငါးဖမ်းတာက ငါးရတာနည်းတယ်။ ဒါပေမယ့် ဧရာဝတီလင်းပိုင်တွေနဲ့ငါးဖမ်းရင်တော့ ငါးဖမ်းသူတွေက အချိန်တိုတိုနဲ့ အရမ်းကြိုးစားစရာမလိုဘဲ ငါးတွေ ပိုရလာတယ်။ ဘာလဲဆိုတော့ လင်းပိုင်တွေက ငါးတွေကို ဖမ်းဖို့ ပိုက်ကွန်ဆီ အရောက်ပို့ပြီး ငါးဖမ်းဖို့ အဆင်သင့်ဖြစ်တဲ့အခါ လင်းပိုင်က အမြီးနဲ့ အချက်ပြပါတယ်” ဟု ၎င်းက ဆိုသည်။
“တချို့ငါးတွေက ပိုက်ကလွတ်ထွက်သွားတဲ့အခါ လင်းပိုင်တွေက အလွယ်တကူ ဖမ်းယူစားသောက်ကြတယ်။ ဒါဟာ အပြန်အလှန်မှီခိုမှုပါပဲ” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ တံငါသည် ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမောင်လေးသည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးရှိ ကျေးရွာများတွင် ဧရာဝတီလင်းပိုင်နှင့် အကျိုးတူငါးဖမ်းနည်းကို လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ဧရာဝတီလင်းပိုင်များကို ကာကွယ်ခြင်း၊ ၎င်းတို့နှင့် ဆက်သွယ်နည်းများကို သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
“ဧရာဝတီလင်းပိုင်နဲ့ ငါးဖမ်းနိုင်ဖို့ အလေ့အကျင့်နဲ့ ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းဖို့ရယ်၊ ဧရာဝတီလင်းပိုင်တွေနဲ့ အကျိုးတူ အလုပ်လုပ်နိုင်ဖို့ မျိုးဆက်သစ်လူငယ်တွေအတွက် လေ့ကျင့်မှုတွေ လုပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။“ဧရာဝတီလင်းပိုင်နဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးကို အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုလို့ ကျွန်တော် မသတ်မှတ်ပါဘူး။ ကျေးဇူးတရားလို့ပဲ သတ်မှတ်ပါတယ်။ သူတို့က ကျွန်တော်တို့ကို ငါးပိုဖမ်းဆီးရမိအောင်ကူညီပေးတယ်။ ကျွန်တော်တို့ရဲ့ စားဝတ်နေရေးကိုလည်းကူညီပေးတယ်။ ဒါကြောင့် သူတို့ကို လေးစားတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
ဧရာဝတီလင်းပိုင်များနှင့် ငါးဖမ်းခြင်းအလေ့အထသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် ဆက်လက်တည်ရှိနေပြီး ဒေသခံတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ၎င်တို့အပြန်အလှန် ချိတ်ဆက်ကာ လူသားနှင့် လင်းပိုင်တို့၏ သဘာဝကြားက တန်ဖိုးရှိသော သံယောဇဉ်နှောင်ကြိုးကို ထိန်းသိမ်းထားကြောင်း ၎င်းက ဆိုသည်။
ငါးလုပ်ငန်းဦးစီးဌာန၏ ပတ်ဝန်းကျင်နှင့်မျိုးသုဥ်းရှားပါးရေသတ္တဝါများထိန်းသိမ်းရေးဌာနစု၊ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ ဦးစီးအရာရှိဖြစ်သူ ဦးဟန်ဝင်း၏ ပြောကြားချက်အရ ဧရာဝတီလင်းပိုင်များကို မြစ်ထဲတွင် ရာစုနှစ်ပေါင်းများစွာ တွေ့ရှိခဲ့ကြောင်း သိရသည်။
“ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ဧရာဝတီလင်းပိုင်က မြန်မာနိုင်ငံမှာသာမကဘဲ အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေမှာပါ ဧရာဝတီလင်းပိုင်ကိုတွေ့ရတယ်။ မြန်မာနိုင်ငံကတော့ ဧရာဝတီလင်းပိုင်တွေနဲ့ ငါးဖမ်းတဲ့ နေရာအနည်းငယ်တွေထဲက တစ်ခုဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ “ဒီဧရာဝတီလင်းပိုင်နဲ့ ပူးပေါင်းတဲ့ ယဉ်ကျေးမှုက နိုင်ငံခြားခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်ပြီး ဒေသခံတွေရဲ့ ဝင်ငွေကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုပါတယ်။ ဧရာဝတီလင်းပိုင်ကို ထိန်းသိမ်းတာက သဘာဝနဲ့ လူမှုအသိုင်းအဝိုင်းကို အကျိုးပြုပါတယ်” ဟု ၎င်းက ပြောသည်။
“၂၀၀၂ ခုနှစ်ကတည်းက ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအသိပညာကို WCS အဖွဲ့နဲ့အတူ ဒေသခံလူထုတွေနဲ့ ပူးပေါင်းပြီး မျိုးသုဉ်းမှု အန္တရာယ်ဖြစ်စေတဲ့ တရားမဝင်ငါးဖမ်းခြင်းတွေကို အရေးယူဆောင်ရွက်ခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။
ငါးလုပ်ငန်းဦးစီးဌာနသည် နိုင်ငံတကာမိတ်ဖက်များနှင့်လည်း ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံရှိ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေအောက်ရှိ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးအလုပ်ရုံဆွေးနွေးပွဲများကို ၂၀၂၅ ခုနှစ်တွင် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းစီမံကိန်းမှတစ်ဆင့် ရန်ပုံငွေနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများကို ရယူ၍ ဧရာဝတီလင်းပိုင် ထိန်းသိမ်းခြင်းလုပ်ငန်းကို လုပ်ကိုင်ရန် စီစဉ်ထားကြောင်း ၎င်း၏ဖြည့်စွက်ပြောကြားချက်အရ သိရသည်။
“ဧရာဝတီလင်းပိုင်နဲ့ပတ်သက်တဲ့ သုတေသနနဲ့ ထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေကို မကြာခင်မှာ ပြန်စဖို့ စီစဉ်နေပါတယ်။ ပြည်တွင်း ဒါမှမဟုတ် နိုင်ငံတကာ အဖွဲ့အစည်းတွေက ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုရင်တော့ ကြိုဆိုပါတယ်” ဟု ၎င်းက ဆိုသည်။
“ဧရာဝတီလင်းပိုင်တွေက မျိုးသုဉ်းလုနီးပါးဖြစ်ရုံသာမကဘူး။ ဧရာဝတီမြစ်မှာ ဧရာဝတီလင်းပိုင်မရှိတော့ရင် မတင့်တယ်ဘူး။ ဒါကြောင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးက အရေးကြီးပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ (Xinhua)
Key words #ဧရာဝတီလင်းပိုင် #IrrawaddyDolphins
