Social
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ပို့ဆောင်ပြီး အလုပ်မရရှိသည့် မြန်မာလုပ်သားများ အတွက် နစ်နာကြေးရရှိရန် MWRN နှင့် MOEAF မှ ပူးပေါင်းဖြေရှင်း
ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ပို့ဆောင်ပြီး အလုပ်မရရှိသည့် မြန်မာလုပ်သားများ အတွက် နစ်နာကြေးရရှိရန် MWRN နှင့် MOEAF (မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်) တို့မှ ပူးပေါင်းဖြေရှင်းပေးခဲ့ကြောင်း MOEAF မှ သတင်းထုတ်ပြန်ခဲ့သည်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာမှ လုပ်သားများအဖွဲ့နှင့် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ စမြကျေးရွာမှ လုပ်သားများ အဖွဲ့တို့သည် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက် အလုပ်လုပ်ကိုင်ရန် ပွဲစားများမှ တစ်ဆင့် ဝန်ဆောင်ခ ကျပ် ၄ သိန်းမှ ၈ သိန်း အထိ (နိုင်ငံကူးလက်မှတ်၊ နိုင်ငံသားမှတ်ပုံတင်များ ပြုလုပ်ခြင်းတို့အပါအဝင်) အသီးသီးပေးဆောင်ခဲ့ရပြီး မြဝတီသို့ ပြီးခဲ့သော ၇ လ ပိုင်းနှင့် ၈ လပိုင်းတို့က ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
သို့ရာတွင် ထိုင်းနိုင်ငံလုပ်ငန်းခွင်သို့ ပို့ဆောင်နိုင်ခဲ့ခြင်းမရှိသည့် အတွက် MWRN မြဝတီရုံးခွဲသို့ ဆက်သွယ် အကူအညီတောင်းခဲ့ကြောင်း သိရသည်။ထိုမှ မြန်မာလုပ်သားများ၏ နေထိုင်စားသောက်ရေးအခက်အခဲများကြောင့် မြဝတီမှ ရန်ကုန် ၎င်းတို့၏ ကုန်ကျစရိတ်များကို ပြန်လည်တောင်းဆိုရန် ၂၀ရက် ၁၀ လပိုင်းက ရန်ကုန် MWRN ရုံးသို့ ထွက်ခွါလာခဲ့သည်ဟုဆိုသည်။
ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က အဆိုပါ မြန်မာလုပ်သားအဖွဲ့များနှင့် MWRN မှ တာဝန်ရှိသူများသည် ရန်ကုန်မြို့ဗိုလ်အောင်ကျော်လမ်းရှိ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) သို့ရောက်ရှိလာပြီး ဒုဥက္ကဋ္ဌဦးဝင်းထွန်း၊ အတွင်းရေးမှူးဦးကျော်ထင်ကျော်၊ ရွှေနန်းရိပ်သာမှ ဦးရဲထွန်းနှင့် လုပ်သားများကို ဆက်သွယ်ပေးခဲ့သော ရွာခံပွဲစားများနှင့် မျက်နှာစုံညီ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာလုပ်သားများအနေဖြင့် ၎င်းတို့ ပေးအပ်ထားသော ဝန်ဆောင်ခငွေများမှာ အတိုးဖြင့် ရယူခဲ့ရသော ငွေကြေးများဖြစ်သည့် အတွက် ထိုက်တန်သည့်နစ်နာကြေးကိုရလိုကြောင်း၊ မြဝတီတွင် အလုပ်မရရှိဘဲ စောင့်ဆိုင်းခဲ့ရသည့် ကာလများအတွက် နစ်နာမှုရှိသလို ယူခဲ့သော ငွေကြေးမှ အတိုးများတက်နေသည့် အတွက်လည်း ထည့်သွင်းစဉ်းစားပေးလိုကြောင်း တင်ပြပေးခဲ့သည်ဟု သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)