Sport
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)ဖီဖာနည်းစနစ် အကြံပေး နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)၏ နည်းစနစ်အကြံပေး Mr Dato’ Yap Nyim Keong သည် ဖီဖာမှ FIFA Forward 2.0 Development Programme ဖွံ့ဖြိုးရေး အစီအစဉ်များ နှင့် နည်းဥပဒေသစ်များ နှင့်စပ်လျဉ်း၍ ဇူလိုင်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF ထံလာရောက်၍ MFF တာဝန်ရှိသူများနှင့် ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က ယနေ့သတင်းထုတ်ပြန်သည်။
ယနေ့မနက်ပိုင်းက MFF ရုံးတွင် ကျင်းပခဲ့သည့် အစည်းအဝေးတွင် မစ္စတာ ဒါတိုရက်ပ်သည် MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်၊ နည်းစနစ်ဒါရိုက်တာ မစ္စတာအဲရစ်တို့နှင့် တွေ့ဆုံခဲ့ပြီး MFF ၏ နည်းစနစ်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ စီမံချက်များအား သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ဒါတိုရက်ပ်သည် ညနေပိုင်းတွင် FIFA Forward Programme အရတည်ဆောက်လျက် ရှိသည့် MFF Futsal Indoor Stadium သို့သွားရောက်ကြည့်ရှု့ ခဲ့ကြောင်း သိရသည်။
ဒါတိုရက်ပ် အနေဖြင့် ဇူလိုင်လ ၂ ရက်နေ့တွင် MFF အထွေထွေ အတွင်းရေးမှူး၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးနှင့် အတူ လူငယ်ဖွံ့ဖြိုးရေး တာဝန်ခံ၊ အမျိုးသမီး ဘောလုံး တာဝန်ခံ၊ နည်းပြသင်တန်း တာဝန်ခံ၊ ပြိုင်ပွဲကျင်းပရေး တာဝန်ခံ၊ ဖူဆယ်ဘောလုံး တာဝန်ခံ၊ လက်ရွေးစင်အသင်း နည်းပြများ အားတွေ့ဆုံ၍ ဆွေးနွေးပွဲများ ဆက်လက်ကျင်းပ သွားမည်ဖြစ်သည်။ ယင်းနောက် ဇူလိုင်လ ၃ ရက်နေ့တွင် MFF အထွေထွေ အတွင်းရေးမှူး၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး တို့နှင့် တွေ့ဆုံ၍ ၎င်း၏ ခရီးစဉ်နှင့် ဆွေးနွေးမှုများအား ပြန်လည် သုံးသပ်သွားမည် ဖြစ်ကြောင်းသိရသည်။
ဖီဖာအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအား ဖွံ့ဖြိုးရေး အစီအစဉ်များဖြင့် ပံ့ပိုးကူညီလျက် ရှိသလို အဖွဲ့ဝင် နိုင်ငံများ၏ ဆောင်ရွက်ကြိုးပမ်းချက် များကိုလည်း မှန်ကန်တိကျခြင်း ထိရောက်မှု ရှိခြင်း တို့အတွက် ယခုကဲ့သို့ လာရောက် တွေ့ဆုံသုံးသပ်လေ့ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)