Sport
မြန်မာနိုင်ငံတွင် ဘိလိယက်နှင့် စနူကာ အားကစား ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ပံ့ပိုးဆောင်ရွက်မည်
ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် လူငယ်မျိုးဆက်သစ် အားကစားသမားများ ပိုမိုပေါ်ထွက်လာရေးနှင့် ဘိလိယက်နှင့် စနူကာ အားကစား ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပံ့ပိုး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုဝင်ဘာ ၂၅ ရက်နေ့က ပြောကြားသည်။
နိုင်ငံအသီးသီးမှ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ် ဥက္ကဋ္ဌများအနေဖြင့် မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာ အားကစား ပိုမိုဖွံ့ဖြိုး တိုးတက်စေရန်အတွက် အတွေ့အကြုံများနှင့် အကြံဉာဏ်များ ဝေမျှပေးအပ်ကြစေလိုကြောင်း၊ ယခု ပြိုင်ပွဲကြီးနှင့် အစည်း အဝေးကြီးမှတဆင့် အားကစားသမားများ အချင်းချင်း၊ အဖွဲ့ချုပ် ဥက္ကဋ္ဌများ အချင်းချင်း၊ အဖွဲ့ချုပ်များအချင်းချင်း ဆက်သွယ်ချိတ်ဆက် မှုများ ပြုလုပ်ခြင်းဖြင့် ဘိလိယက်နှင့် စနူကာ အားကစား ပိုမိုဖွံ့ဖြိုး တိုးတက်စေနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။
ကမ္ဘာ့တိုက်ကြီးများရှိ နိုင်ငံပေါင်း (၃၅) နိုင်ငံမှ အားကစားသမား (၁၉၇) ဦး ပါဝင်ယှဉ်ပြိုင်သည့် ကမ္ဘာ့အဆင့် ဘိလိယက်နှင့် စနူကာပြိုင်ပွဲကြီးနှင့် နိုင်ငံအသီးသီးမှ ဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ်များ၏ ဥက္ကဋ္ဌများ တက်ရောက်သည့် နိုင်ငံတကာ ဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် (International Billiards and Snooker Federation) ၏ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပခွင့် ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကြီးသည် နိုင်ငံတကာမှ ပြိုင်ပွဲဝင် အားကစားသမားများ၏ ယှဉ်ပြိုင်မှုမှတ်တမ်းများကို လေ့လာနိုင်ခဲ့ပြီး မြန်မာနိုင်ငံရှိ အားကစား သမားများအတွက် အမြင်ကျယ်စေခဲ့သည့် ပြိုင်ပွဲကြီး ဖြစ်ကြောင်း၊ ပြိုင်ပွဲကြီးတွင် ကမ္ဘာ့ 150up ဘိလိယက်ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ အားကစားသမားက ဒုတိယ ဆုတံဆိပ် ဆွတ်ခူးရရှိခဲ့ခြင်းကိုလည်း ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ နိုင်ငံတကာ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် ဆွေးနွေးမည့် ခေါင်းစဉ် အကြောင်းအရာ များသည် စုံလင်ကောင်း မွန်ပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီး၏ ဘိလိယက်နှင့် စနူကာ အားကစားနယ်ပယ်အတွက်လည်း အကျိုးရှိစေမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။(Xinhua)