Sport
မြန်မာဘောလုံးကစားသမား မြတ်ကောင်းခန့် ထိုင်းလိဂ်-၂ ကလပ် ချိုင်းနတ်အသင်းသို့ပြောင်းရွှေ့ကစားမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာယူ-၂၂ အသင်း၌ ခြေစွမ်းပြကစား ခဲ့သည့် တောင်ပံကစားသမား မြတ်ကောင်းခန့်သည် ထိုင်းလိဂ်-၂ ကလပ် ချိုင်းနတ်အသင်းသို့ ပြောင်းရွှေ့ကစားတော့မည်ဖြစ်ကြောင်း သိရသည်။
ချိုင်းနတ်အသင်းသည် ဆီးဂိမ်းပြိုင်ပွဲပြီးကတည်းက မြတ်ကောင်းခန့် ကိုခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက်တွင် ဆေးစစ်မှုများပြုလုပ်ကာ အပြီးသတ်ခေါ်ယူခဲ့ခြင်းဖြစ် သည်။ မြတ်ကောင်းခန့်သည် မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်း တွင် နောက်ဆုံးကစားခဲ့ပြီး ယခုလကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်သောကြောင့် ချိုင်းနတ်အသင်းသို့ အပြီးသတ်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ရာသီမစတင်မီ မြန်မာ့လက်ရွေးစင်ကစားသမားများဖြစ်သည့် နောက်ခံလူ ဇော်မင်းထွန်းသည် ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်း၊ တောင်ပံကစားသမား ဆွမ်လမန်သည် ထိုင်းလိဂ်-၃ ကလပ် မြောင်ကန်အသင်းတို့သို့ ပြောင်းရွှေ့ခဲ့သည်။
မြန်မာကစားသမားများသည် ၂၀၁၈ ရာသီမှစ၍ ထိုင်းကလပ်အသင်းများ တွင် သွားရောက်ကစားခဲ့ပြီး ၂၀၁၈ ရာသီတွင် Police Tero အသင်း၌ အောင်သူ၊ ချင်းရိုင်ယူနိုက်တက်အသင်း၌ ကျော်ကိုကို၊ ၂၀၁၉ ရာသီတွင် မြောင်တောင် ယူနိုက်တက်အသင်း၌ အောင်သူ၊ ဆာမတ်ပရာခန်အသင်း၌ ကျော်ကိုကို၊ ချောင် ဘူရီအသင်း၌ ဇော်မင်းထွန်းနှင့် စည်သူအောင်၊ ရစ်ချာဘူရီအသင်း၌ သိန်းသန်းဝင်း၊ ထိုင်းလိဂ်-၂ ကလပ် ဆာမတ်ဆာခွန်အသင်း၌ သန်းထက်အောင်တို့ ပါဝင် ကစားခဲ့ကြောင်း ကြေးမုံသတင်းစာတွင်ပါရှိသည်။ (Xinhua)