Sport
မြန်မာ လက်ရွေးစင် ယူ-၂၁ ဘောလုံးအသင်းသည် ဗီယက်နမ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲယှဉ်ပြိုင်ရန်ဗီယက်နမ်နိုင်ငံသို့ထွက်ခွာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
မြန်မာ လက်ရွေးစင် ယူ-၂၁ ဘောလုံးအသင်းသည် ဗီယက်နမ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ U21 INTERNATIONAL FOOTBALL TOURNAMENT 2018 ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ဗီယက်နမ်နိုင်ငံသို့ထွက်ခွာသွားကြောင်း သိရသည်။
အသက် ၂၁ အောက် ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ Hue City တွင် ဒီဇင်ဘာ ၁၂ မှ ၁၈ ထိ ကျင်းပမည် ဖြစ်ပြီး အိမ်ရှင် ဗီယက်နမ် ယူ-၂၁ အသင်း၊ မလေးရှား ယူ-၂၁ အသင်း၊ မြန်မာ ယူ-၂၁ အသင်းနှင့် တောင်ကိုရီးယားမှ GIMHAE CFC ယူ-၂၁ အသင်းတို့ ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
မြန်မာ ယူ-၂၁ ဘောလုံးအသင်းသည် ဒီဇင်ဘာ ၁၂ မြန်မာစံတော်ချိန် ည ၆း၃၀ နာရီတွင် အဖွင့်ပွဲအဖြစ် အိမ်ရှင် ဗီယက်နမ်နှင့် လည်းကောင်း၊ ဒီဇင်ဘာ ၁၄ မြန်မာစံတော်ချိန် နေ့လယ် ၃း၃၀ နာရီတွင် GIMHAE CFC ယူ-၂၁ နှင့်လည်းကောင်း၊ ဒီဇင်ဘာ ၁၆ မြန်မာစံတော်ချိန် နေ့လယ် ၃း၃၀ နာရီတွင် မလေးရှား ယူ-၂၁ နှင့်လည်းကောင်း ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
အမှတ်အများဆုံး နှစ်သင်းမှာ ဗိုလ်လုပွဲ ကစားရမည် ဖြစ်ပြီး ကျန်နှစ်သင်းမှာ တတိယနေရာ လုရမည် ဖြစ်သည်။ တတိ. နေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၈ ရက် နေ့လယ် ၃း၃၀ နာရီနှင့် ည ၆း၁၅ တွင် ကျင်းပမည် ဖြစ်သည်။
မြန်မာ လက်ရွေးစင် ယူ-၂၁ အသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်က တာဝန်ယူပြီး အုပ်ချုပ်၊နည်းပြ အဖွဲ့ဝင် ၈ ဦး၊ ကစားသမား ၂၀ ဦး လိုက်ပါ သွားကြသည်။ (Xinhua)