Sport
တရုတ် နိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသည့် 2015 CFA Futsal International Tournament ပြိုင်ပွဲတွင် အဖွင့်ပွဲစဉ်၌ အီရန်နှင့် မြန်မာ တွေ့ဆုံမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသည့် 2015 CFA Futsal International Tournament ပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင် ဖူဆယ် အသင်းသည် အဖွင့်ပွဲစဉ်၌ အီရန် လက်ရွေးစင် ဖူဆယ် အသင်း နှင့် တွေ့ဆုံရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မှ သတင်း ထုတ်ပြန်သည်။
အဆိုပါ ပြိုင်ပွဲကို တရုတ်နိုင်ငံ ချန်ရှူးမြို့တွင် ဒီဇင်ဘာလ ၁၈ ရက် မှ ၂၀ ရက်ထိ ကျင်းပသွားမည် ဖြစ်ပြီး မြန်မာ အပါအဝင် အိမ်ရှင် တရုတ်၊ မက္ကဆီကို နှင့် အီရန် စသည့် အသင်း လေးသင်း ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် ဖူဆယ် အသင်းသည် ဒီဇင်ဘာ ၁၆ ရက်တွင် ပြိုင်ပွဲ ကျင်းပမည့် ချန်ရှူးမြို့သို့ ထွက်ခွာမည် ဖြစ်ကာ ဒီဇင်ဘာလ ၁၇ ရက် ညနေတွင် ပြိုင်ပွဲကျင်းပမည့် ချန်ရှူး အားကစားကွင်း ၌ Official Training ပြုလုပ်မည် ဖြစ်သည်။
ပြိုင်ပွဲကို တစ်နေ့လျှင် ပွဲစဉ် ၂ ပွဲနှုန်းဖြင့် သုံးရက် ဆက်တိုက် ကျင်းပမည် ဖြစ်သည်။ မြန်မာအသင်းသည် အဖွင့်ပွဲစဉ်တွင် အီရန်အသင်း၊ ဒုတိယမြောက် ပွဲစဉ်တွင် အိမ်ရှင် တရုတ်အသင်း၊ နောက်ဆုံး ပွဲစဉ်တွင် မက္ကဆီကို အသင်းများ နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ပြိုင်ပွဲကို အုပ်စုပတ်လည် ပုံစံဖြင့် ကျင်းပမည် ဖြစ်ပြီး ပွဲစဉ်သုံးပွဲစီ ကစားပြီးချိန်တွင် ရမှတ် အများဆုံး အသင်းက ဗိုလ်စွဲမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။ (Xinhua)