Sport
သြင်္ကန်အကျနေ့တွင် AFC Cup ပြိုင်ပွဲအား ရန်ကုန် ယူနိုက်တက် အသင်းနှင့် အိန္ဒိယကလပ် မိုဟမ်ဘေဂန် အသင်းတို့ယှဉ်ပြိုင် ကစားမည်

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)
အာရှ ဘောလုံးအဖွဲ့ချုပ် AFC မှကျင်းပသည့် AFC Cup ပြိုင်ပွဲအား မြန်မာ နေရှင်နယ်လိဂ် ကိုယ်စားပြု ရန်ကုန် ယူနိုက်တက် အသင်းနှင့် ဧရာဝတီ ယူနိုက်တက် အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင် ကစားလျက် ရှိရာ သြင်္ကန်အကျနေ့ဖြစ်သော ဧပြီလ ၁၃ ရက်နေ့ ညနေ (၄း၀၀)နာရီတွင် ရန်ကုန် ယူနိုက်တက် အသင်းသည် အုပ်စု(G) ပွဲစဉ်အဖြစ် အိန္ဒိယကလပ် မိုဟမ်ဘေဂန် အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
အုပ်စု(G) အသင်း(၄)သင်းတွင် အိန္ဒိယ ကလပ် မိုဟမ်ဘေဂန်က (၃) ပွဲကစားအပြီး ရမှတ် (၉)မှတ်ဖြင့် အုပ်စု ပထမနေရာမှ ဦးဆောင်လျက် ရှိပြီး မြန်မာနေရှင်နယ်လိဂ် (MNL) ကလပ် ရန်ကုန် ယူနိုက်တက် အသင်းက (၃)ပွဲကစား ရမှတ်(၄)မှတ်ဖြင့် အုပ်စု ဒုတိယ နေရာတွင် ရပ်တည်လျက် ရှိသည်။ မာဇီယာ (မော်လ်ဒိုက်စ်) နှင့် တရုတ်တောင်ပိုင်း (ဟောင်ကောင်)တို့ကလည်း အဆင့်(၃)၊(၄) နေရာများတွင် ရပ်တည်လျက် ရှိသည်။
အုပ်စု(G)တွင် မြန်မာ ကိုယ်စားပြု ရန်ကုန် ယူနိုက်တက် အသင်းသည် မိုဟမ်ဘေဂန်နှင့် အိန္ဒိယ၌အဝေးကွင်း သွားရောက် ကစားခဲ့ရာတွင် (၃-၂) ဂိုးဖြင့် ကပ်၍ အရေး နိမ့်ခဲ့ရပြီး ယခုတဖန် မိမိအိမ်ကွင်းတွင် အနိုင်(၃)မှတ် ရရေးအတွက် ကြိုးပမ်းရမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
မြန်မာနေရှင်နယ်လိဂ် ကလပ် ဧရာဝတီ ယူနိုက်တက် အသင်းသည်လည်း မနက်ဖြန်တွင် အဝေးကွင်း ပွဲစဉ်အဖြစ် အိန္ဒိယကလပ် ဘန်လာဂါရူး အသင်းနှင့် အုပ်စု(H) ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ ဧရာဝတီ ယူနိုက်တက် အသင်းသည် အုပ်စု ဒုတိယ နေရာတွင် ရောက်ရှိနေပြီး နောက်တစ်ဆင့် တက်ရေးအတွက် ကြိးပမ်းရမည် ဖြစ်သည်။ (Xinhua)