Sport
အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် မြန်မာနေရှင်နယ်လိဂ် ညွှန့်ပေါင်းအသင်း MNL All Star လူစာရင်း ထုတ်ပြန်

ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ)
အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက် ဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် မြန်မာနေရှင်နယ်လိဂ် ညွှန့်ပေါင်းလက်ရွေးစင် MNL All Star ဘောလုံးအသင်းလူစာရင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့ ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။
MNL All Star အသင်းတွင် အသင်းမန်နေဂျာအဖြစ် စင်ကာပူနိုင်ငံသား ဆီဗာဂျီ ကတာဝန်ယူမည်ဖြစ်ပြီး နည်းပြချုပ်အဖြစ် ဦးငွေထွန်း (ဟံသာဝတီ ယူနိုက်တက်)အသင်းက ကိုင်တွယ်သွားမည်ဖြစ်သည်။
MNL All Star အသင်းနှင့် လိဒ်ယူနိုက်တက် အသင်းတို့ ပွဲစဉ်ကို လာမည့် မေလ (၉)ရက်နေ့ ညနေ(၆း၀၀)နာရီအချိန် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ပွဲစဉ်အတွက် လက်မှတ်ခ နှုန်းထားများမှာ ရိုးရိုးတန်း ၂၀၀၀ ကျပ်၊ ၃၀၀၀ ကျပ်နှင့် အထူးတန်း ၄၀၀၀ ကျပ်ဖြစ်ပြီး ကြိုတင်လက်မှတ်များအား မေလ (၃) ရက်နေ့မှ စတင်ကာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မေလ(၃)ရက်နေ့ ရုံးချိန်အတွင်း ကြိုတင်လက်မှတ်များအား ရန်ကုန်မြို့ ဧရာဝတီ ဘဏ်ခွဲများ၊ သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်းတို့တွင် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်သလို မေလ ၆၊ ၇၊ ၈ ရက်နေ့များတွင် လှည်းတန်း စင်တာတွင်လည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Online မှကြိုတင်လက်မှတ် ဝယ်ယူလိုပါက မေလ ၃ ရက်နေ့မှ စတင်ကာ www.shop.com.mm တွင်ဝယ်ယူရရှိနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)