Connect with us

News

ဆောင်းဦးလယ် လမုန့်ပွဲတော် ရခိုင်ပြည်နယ် မဒေးကျွန်းတွင် ကျင်းပ

ကျောက်ဖြူ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်ရိုးရာ ဆောင်းဦးလယ် လမုန့်ပွဲတော် ယဉ်ကျေးမှု အကပဒေသာ ဖျော်ဖြေပွဲကို ရခိုင်ပြည်နယ် မဒေးကျွန်းမှ ပါဝင်ဆင်နွဲသူများက စမတ်ဖုန်းများ၊ ကင်မရာများဖြင့် စိတ်ဝင်တစား ရိုက်ကူးလျက်ရှိသည်။
မဒေးကျွန်းတွင် ယဉ်ကျေးမှု အတီးအမှုတ်၊ အဆိုအကများနှင့် ဖျော်ဖြေတင်ဆက်သည့် တရုတ်ရိုးရာ ဆောင်းဦးလယ် လမုန့်ပွဲတော်သည် ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်သည်ဟု အဆိုပါပွဲ၌ ပါဝင်သူများက ဆိုသည်။အသက် ၂၂ နှစ်ရွယ် မဒေးကျွန်းဒေသခံ ကိုကျော်ထက်နိုင်က “အရင်က ဒီလိုပွဲမျိုး မကြားဖူးဘူး။ လမုန့်ပွဲတော် ဒီမှာကျင်းပလိုက်တဲ့အတွက် တရုတ်အကတွေ၊ မြန်မာအကတွေ မြင်ရတာ အတိုင်းမသိ ဝမ်းသာတယ်။ ဒီလိုမျိုးကျင်းပလိမ့်မယ်လို့ မထင်မိဘူး” ဟု ပထမဆုံးအကြိမ် လမုန့်ပွဲတော်တွင် ပါဝင်ရသည့် အတွေ့အကြုံကို မျှဝေခဲ့သည်။တရုတ် အနုပညာရှင်များ၏ ယဉ်ကျေးမှုဖျော်ဖြေပွဲကို ကြည့်ရှုသည့်အခါ မိမိတို့ရိုးရာနှင့် အနည်းငယ် ဆင်တူသည်ကို တွေ့ရကြောင်း၊ ယခုလိုပွဲကျင်းပခြင်းက တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို တိုးပွားစေကြောင်း ၊ နောင်နှစ်များတွင်လည်း ကျင်းပစေချင်ကြောင်း ကိုကျော်ထက်နိုင်က ပြောသည်။အဆိုပါစုံညီဖျော်ဖြေပွဲကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းရှိ မဒေးကျွန်းတွင် Sino-Pipeline International က ကြီးမှူး ကျင်းပခြင်း ဖြစ်သည်။

“ကျွန်တော်ကတော့ ဒီလိုမျိုး တူရိယာနဲ့ တီးခတ်ဖျော်ဖြေတာကို ကြိုက်တယ်” ဟု မဒေးကျွန်းတွင် လုပ်သက် ၁၀ နှစ် ရှိပြီ ဖြစ်သော စားဖိုမှူးတာဝန်ယူထားသူ ၂၉ နှစ်အရွယ် ကိုကြည်သန်းထွန်းက တရုတ်ရိုးရာ စောင်းတစ်မျိုး ဖြစ်သည့် ကူကျန်း (GuZheng) ၏ တီးခတ်ပုံကို ပြရင်း ပြောသည်။

ဆောင်းဦးလယ် လမုန့်ပွဲတော်သည် ၎င်းမဒေးကျွန်းတွင် အလုပ်လုပ်သည့် ၁၀ နှစ်ကြာကာလအတွင်း ပထမဆုံးအကြိမ် ကျင်းပခြင်း ဖြစ်ပြီး တရုတ်နွေဦး နှစ်သစ်ကူးပွဲကိုမူ နှစ်စဉ် ရုံးတွင် ကျင်းပဖြစ်ကြောင်း၊ “ဒီလိုပွဲကျင်းပလိုက်တဲ့အတွက် ဝန်ထမ်းတွေနဲ့လည်း ရင်းရင်းနှီးနှီးဖြစ်သွားတယ်။ သူတို့ရဲ့ယဉ်ကျေးမှုတွေလည်း ပိုသိရတာပေါ့” ဟု ကိုကြည်သန်းထွန်းက ဆိုသည်။
ကုမ္ပဏီဝန်ထမ်း တစ်ဦး ဖြစ်သူ အသက် ၂၂ နှစ် အရွယ် မယုယုထွန်းက မဒေးကျွန်းတွင် ပထမဆုံးအကြိမ် လမုန့်ပွဲတော် အခမ်းအနားနှင့်ကျင်းပသည့်အတွက် ဝမ်းသာကြောင်း ၊ တရုတ်ရိုးရာအခြားပွဲတော်နှင့်ပတ်သက်၍ မီးထွန်းပွဲကိုလည်း နှစ်သက်ကြောင်း ပြောသည်။
မဒေးကျွန်းသည် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၏အစပြုရာနေရာဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများ၏ ၁၀ နှစ်ကြာ ပူးပေါင်းဆောင်ရွက်မှု၏ သက်သေဖြစ်သည်။

ယခုကဲ့သို့ ယဉ်ကျေးမှုပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းက နေရပ်နှင့်ခွဲခွာလာသည့် တရုတ်နိုင်ငံသား ဝန်ထမ်းများအတွက် စိတ်အပန်းဖြေစရာ အားတက်စရာ ဖြစ်စေသည်ဟု မဒေးကျွန်းတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၉ နှစ် အရွယ် တရုတ်နိုင်ငံသား လီကျိကော်က ဆိုသည်။

ယခုလိုပွဲများ ကျင်းပခြင်းက ဒေသခံဝန်ထမ်းများ တရုတ်ယဉ်ကျေးမှုအပေါ် သိရှိနားလည်မှု ပို၍ တိုးစေမည်ဟု ယုံကြည်ကြောင်း ၊ တရုတ်လူမျိုးတွေအနေနှင့်လည်း မဒေးကျွန်းတွင် သင်္ကြန်ပွဲတော် ၊ သီတင်းကျွတ်ပွဲတော်များတွင်လည်း အတူပါဝင် ဆင်နွှဲကြကြောင်း လီကျိကော်က ပြောကြားခဲ့သည်။ထိုသို့ ပွဲတော်များ ကျင်းပခြင်းက နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေးအတွက် အားဖြစ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုအကြိမ် ကျင်းပသည့် ဆောင်းဦးလယ် လမုန့်ပွဲတော်တွင် တရုတ် အနုပညာရှင် ၃၀ ခန့်က ပါဝင်ဖျော်ဖြေခဲ့ခြင်း ဖြစ်ပြီး ပါဝင်တက်ရောက် ကြည့်ရှုသူ ၂၀၀ ခန့် ရှိကြောင်း သိရသည်။

နှစ်စဉ် ကျင်းပသည့် ဆောင်းဦးလယ် ပွဲတော်ကို လမုန့်ပွဲ၊ လပြည့်နေ့ဟု ခေါ်ဆိုကြပြီး တရုတ်ပြက္ခဒိန် ၈ လပိုင်း ၁၅ ရက် လရောင်အထွန်းလင်းဆုံး လပြည့်နေ့တွင် မိသားစုများ အတူစုံညီ၍ လမုန့်သုံးဆောင်လေ့ ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.