Connect with us

Culture

တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း(၇၅) နှစ်မြောက် စိန်ရတု အခမ်းအနား မြန်မာနိုင်ငံ နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာကျင်းပ

နေပြည်တော်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း(၇၅) နှစ်မြောက် စိန်ရတုအခမ်းအနားကို နေပြည်တော်တွင် ဇွန် ၈ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၊ တရုတ်သံရုံးမှ သံတမန်များနှင့် တရုတ်-မြန်မာ နယ်ပယ်အသီးသီးမှ ချစ်ကြည်ရေးပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။

အခမ်းအနား၌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ အမှာစကား ပြောကြားရာတွင် မြန်မာ -တရုတ်နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်ပေါင်းများစွာရှည်ကြာခဲ့ပြီဖြစ်ကြောင်း၊ နှစ်နိုင်ငံသည် ကဏ္ဍအသီးသီး၌ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှု နီးကပ်စွာရှိကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပထမဆုံး အသိအမှတ်ပြုခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံမှ အတူတကွ အဆိုပြုခြင်းနှင့် လက်တွေ့အကောင်အထည်ဖော်ခဲ့သောငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်သည် လက်ရှိခေတ်ကာလ၏ နိုင်ငံတကာဆက်ဆံရေးအတွက် စံနမူနာဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒ(One China Policy) ကို အစဉ်တစိုက် ထောက်ခံကြောင်း၊ တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖိန် အဆိုပြုခဲ့သော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (GDI)၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံ (GSI)၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံ (GCI) တို့ကို လွန်စွာချီးမွမ်းထောက်ခံကြောင်း ၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံငလျင်ဘေးအား ကူညီကယ်ဆယ်ရေးများအတွက် တန်ဖိုးကြီးမားပြီးအရေးပါသော ပံ့ပိုးကူညီမှုများ ပေးအပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် စိတ်ဓာတ်ခိုင်မာစွာဖြင့် မြန်မာ-တရုတ် “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို တိုးမြင့်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး မြန်မာ-တရုတ် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖိန်မှ မြန်မာနိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးပို့သော သဝဏ်လွှာကို သံအမတ်ကြီး Ms. Ma Jia မှ ဖတ်ကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ထိစပ်နေပြီး ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးသည် နှစ်ပေါင်းထောင်ချီ ကြာရှည်ခဲ့ပြီဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေးထူထောင်စဉ်မှစ၍ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးသည် အစဉ်အမြဲကျောက်တုံးကဲ့သို့ ခိုင်ခံ့လျက်ရှိကြောင်း၊ နှစ်နိုင်ငံ၏ အနာဂတ်ကံကြမ္မာသည် နီးကပ်စွာချိတ်ဆက်နေပြီးကဏ္ဍအသီးသီး၌ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေး စာမျက်နာသစ်ကို စဉ်ဆက်မပြတ် ရေးဖွဲ့ခဲ့ကြကြောင်း၊ တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် သဟဇာတရှိစွာပေါင်းသင်းဆက်ဆံခြင်း၊ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းခြင်း၊ အတူတကွဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ခြင်း၊ ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်း၊ အေးအတူပူအမျှ မျှဝေခံစားခြင်း စသည့် အယူအဆနှင့် လမ်းညွှန်မူဝါဒများကို အမြဲလက်ကိုင်ကျင့်သုံးကြောင်း၊ မြန်မာနိုင်ငံနှင့်အတူမဟာဗျူဟာမြောက်ယုံကြည်မှုကို ဆက်လက်ခိုင်မာစေပြီးဖွံ့ဖြိုးတိုးတက်ရေး ပေါင်းစည်းမှုကို နက်ရှိုင်းစေကာ ဒေသတွင်းတည်ငြိမ်မှုကို အတူတကွထိန်းသိမ်း၍ လူမှုဆက်ဆံရေး ပြန့်ပွားရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ဆက်လက်ပံ့ပိုးကူညီကာ တရုတ်-မြန်မာ နှစ်နိုင်ငံ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ခြင်းကို ပိုမိုနက်ရှိုင်းစေကာလက်တွေ့ကျကျ မြှင့်တင်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
မြန်မာအနုပညာရှင်များက ပြောင်မြောက်စွာဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အခမ်းအနား၌ ပျော်ရွှင်မှု၊ ချစ်ကြည်ရင်းနှီးမှု၊ စည်ကားသိုက်မြိုက်မှု စသည့် နွေးထွေးသော အငွေ့အသက်များ ပြည့်နှက်နေခဲ့ကာ အဆိုပါညတွင် မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှလည်း ဂုဏ်ပြုညစာစားပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)