Connect with us

Sino-Myanmar

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ကုမ္ပဏီ၏ ပထမအကြိမ် “Energy Cup” ချစ်ကြည်ရေး ခြင်းလုံးပြိုင်ပွဲက ယဉ်ကျေးမှုများအကြား ပေါင်းကူးတံတား ဖြစ်လာ

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီ အထွေထွေမန်နေဂျာ ဝမ်ချန် ဖွင့်ပွဲ အမှာစကား ပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - CNPC International Ltd)

နေပြည်တော်၊ ဇန်နဝါရီ ၈ ရက်
တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်ပြည့်အား ဂုဏ်ပြုရန်၊ တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေး လှုပ်ရှားခြင်းဖြင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက် (GCI) နှင့် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း အတွေးအခေါ်ကို ဖော်ဆောင်ရန်အတွက် ရည်ရွယ်ကာ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီက ပထမအကြိမ် “Energy Cup” ချစ်ကြည်ရေး ခြင်းလုံးပြိုင်ပွဲကို နေပြည်တော်တွင် ဇန်နဝါရီ ၃ ရက်က ကျင်းပခဲ့သည်။
မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)နှင့် ကုမ္ပဏီ၏ ကိုယ်စားပြုအဖွဲ့ ၄ ဖွဲ့ မှ စုစုပေါင်း အားကစားသမား ၂၄ ဦးက ပြိုင်ပွဲတွင် အကြိတ်အနယ် ယှဉ်ပြိုင်ကြပြီး ခြင်းလုံးအားကစား၏ တစ်မူထူးခြားသော ဆွဲဆောင်မှုကို ပြသခဲ့သည်။

ခြင်းလုံးသည် အရှေ့တောင်အာရှဒေသတွင် စတင်သည့် ရိုးရာအားကစားတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ၏ နက်ရှိုင်းလှသော သမိုင်းယဉ်ကျေးမှုများ ပါဝင်ပေသည်။ ဘော်လီဘောကစားနည်းနှင့် ဆင်တူခြင်းကြောင့် “ခြေထောက်ပေါ်က ဘော်လီဘော” ဟုပင် တင်စားခေါ်ဝေါ်ကြပေသည်။ အားကစားသမားများက ခြေချင်းဝတ်၊ ဒူးဆစ် စသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် ခြင်းလုံးဖမ်းခြင်း၊ ခတ်ခြင်း နည်းလမ်းများဖြင့် ပိုက်ကျော်ခြင်း ခတ်ကစားရခြင်းဖြစ်ရာ လွန်စွာ အဆင့်မြင့်သော နည်းပညာနှင့် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လှသည့် အနုပညာကို ပြသပေသည်။ အထူးသဖြင့် စကော်ရိုက်နည်း၊ ဘက်ကင်ကန်နည်းစသည့် ခက်ခဲမှုအဆင့်မြင့်မားသည့် လှုပ်ရှားမှုများက ပရိသတ်များကို ပို၍ပင် မျက်တောင်မခတ် ရင်သပ်ရှုမောဖြစ်စေသည်။

အဆိုပါပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဝမ်ချန်က အမှာစကားပြောကြားရာ လွန်ခဲ့သည့် တစ်နှစ်တာကာလတွင် ကုမ္ပဏီက အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ စည်းမျဉ်းနှင့်အညီ စီမံခန့်ခွဲမှု၊ တန်ဖိုးဖန်တီးမှု၊ ဝန်ထမ်းများ၏အကျိုးစီးပွားနှင့် လူမှုရေးတာဝန် စသည့်ကဏ္ဍများ၌ ဂုဏ်ယူဖွယ် အောင်မြင်မှုရလဒ်များ ရရှိပါကြောင်း ပြောကြားခဲ့သည်။ ယခုနှစ်သည် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်ပြည့် ဖြစ်ရာ ဤပြိုင်ပွဲက တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများအတွက် မြန်မာ့ယဉ်ကျေးမှုအကြောင်း ပြသသည့် ပလက်ဖောင်းအဖြစ် ပံ့ပိုးခြင်း၊ တရုတ်-မြန်မာ ယဉ်ကျေးမှု၏ နက်ရှိုင်းစွာ ပေါင်းစည်းမှုနှင့် ဘုံစည်ပင်ဝပြောမှုကို မြှင့်တင်ခြင်း၊ ယဉ်ကျေးမှုအားလုံးပါဝင်လက်ခံမှု၊ အပြန်အလှန် အကျိုးရှိ၍ ဘုံအကျိုးဖြစ်ထွန်းစေသည့် သာယာလှပသော မျှော်မှန်းချက်အတွက် အားသစ်ဖြည့်တင်းခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က အမှာစကားပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်နေပြီး ညီအစ်ကို အရင်းအချာပမာဏ ချစ်ခင်ရင်းနှီးကြသည့် အိမ်နီးချင်းများ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုလို မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်ပြည့် သမိုင်းဝင်အခါသမယတွင် ပထမအကြိမ် “Energy Cup” ချစ်ကြည်ရေး ခြင်းလုံးပြိုင်ပွဲသည် ယှဉ်ပြိုင်ရသည့်အားကစားတစ်ခုဖြစ်သည်သာမက မြန်မာ-တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှု ပေါင်းစည်းဖလှယ်ခြင်း၊ ပြည်သူ့ နှလုံးသားချင်းဆက်နွှယ်သည့် သက်ဝင်ထင်ရှားသော လက်တွေ့ဖော်ဆောင်မှုတစ်ကြိမ်ပင် ဖြစ်ကြောင်း၊ ဤပလက်ဖောင်းမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများက ခြင်းလုံးအားကစား၏ တစ်မူထူးခြားသော ဆွဲဆောင်မှုကို အနီးကပ် ခံစားနိုင်စေရာ နှစ်ဖက်ယဉ်ကျေးမှု တူညီသည့် ခံစားချက်ကို မြှင့်တင်ရေးနှင့် ယဉ်ကျေးမှုများအကြား ဖလှယ်မှုကို နက်ရှိုင်းစေရေးကို တိုးမြှင့်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အနာဂတ်တွင် ဤကဲ့သို့သော လှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်ပြီး မြန်မာ-တရုတ် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ်ကို အတူတကွ ရေးဆွဲသွားနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အမှာစကား ပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – CNPC International Ltd)

ပြိုင်ပွဲဆုဖလားများ ပေးအပ်ချီးမြှင့်နေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – CNPC International Ltd)

စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – CNPC International Ltd)

ပထမအကြိမ် “Energy Cup” ချစ်ကြည်ရေး ခြင်းလုံးပြိုင်ပွဲမြင်ကွင်းအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – CNPC International Ltd)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.