Connect with us

Economy

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တက်ဟုန်ပြည်နယ်ခွဲ ကော်ဖီနှင့်စိုက်ပျိုးရေးထုတ်ကုန်များ မိတ်ဆက်ပွဲ အခမ်းအနား မြန်မာနိုင်ငံ နေပြည်တော်၌ ကျင်းပ

တက်ဟုန်ပြည်နယ်ခွဲ ကော်ဖီနှင့်စိုက်ပျိုးရေးထုတ်ကုန်များ မိတ်ဆက်ပွဲအခမ်းအနားကျင်းပစဉ် (ဓာတ်ပုံ-MOI)

နေပြည်တော်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တက်ဟုန်ပြည်နယ်ခွဲပြည်သူ့အစိုးရနှင့် တက်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးတို့ ပူးပေါင်းကျင်းပသည့် တက်ဟုန်ပြည်နယ်ခွဲ ကော်ဖီနှင့်စိုက်ပျိုးရေးထုတ်ကုန်များ မိတ်ဆက်ပွဲအခမ်းအနားကို  နေပြည်တော်တွင် ဧပြီ ၂ ရက်က ကျင်းပခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အခမ်းအနားတွင် တက်ဟုန်ပြည်နယ်ခွဲ ကော်ဖီကုမ္ပဏီများဖြစ်ကြသည့် Hou Gu ကုမ္ပဏီ လီမိတက်၊ Yun Cha Wu ကုမ္ပဏီလီမိတက်၊ Hei Rou ကုမ္ပဏီလီမိတက်နှင့် Yi Nuo Chun ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများက ကုမ္ပဏီများအလိုက်ကော်ဖီများနှင့် စိုက်ပျိုးရေးထုတ်ကုန်များကို မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံ၏ ကော်ဖီ အများဆုံး စိုက်ပျိုးထုတ်လုပ်သည့် ဒေသဖြစ်ပြီး နိုင်ငံ၏ကော်ဖီစိုက်ပျိုးမှု၏ ၉၅ ရာခိုင်နှုန်းရှိသည်ဟု သိရပါကြောင်း၊ ယူနန်ပြည်နယ်၏ကော်ဖီထွက်သည့် ဒေသများတွင် တစ်ခုအပါအဝင်ဖြစ်သည့် တက်ဟုန်ပြည်နယ်ခွဲတွင် ယခင်ကကုန်းနိမ့်ကော်ဖီကို စိုက်ပျိုးသော်လည်း ယခုအခါ ကုန်းမြင့်ကော်ဖီကိုသာ အများဆုံးစိုက်ပျိုးနေသည်ဟုသိရှိရကြောင်း၊ ကော်ဖီထွက်သည့်ဒေသဖြစ်သောကြောင့် မြန်မာ့ကော်ဖီလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံကော်ဖီအသင်း၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများနှင့် နည်းပညာမျှဝေခြင်း၊ အသိပညာပေးဝေခြင်း အစီအစဉ်များပူးပေါင်းဆောင်ရွက်ရန်လည်း ဖိတ်ခေါ်ကြောင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။

မြန်မာကော်ဖီလုပ်ငန်းရှင်များနှင့် ညီနောင်လုပ်ငန်းရှင်များ အသင်းအနေဖြင့်လည်း တရုတ်နိုင်ငံ၏ကော်ဖီအပါအဝင် ကုန်သွယ်မှုကဏ္ဍအသီးသီး၏စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့မှုစသည့် တန်ဖိုးကွင်းဆက်ကိုလေ့လာပြီး နှစ်နိုင်ငံအကြား အလားအလာရှိသည့် ကဏ္ဍများတွင် ကုန်သွယ်မှုပိုမိုတိုးတက်အောင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

တက်ဟုန်ပြည်နယ်ခွဲ ကော်ဖီနှင့်စိုက်ပျိုးရေးထုတ်ကုန်များ မိတ်ဆက်ပွဲအခမ်းအနားတွင် တက်ဟုန်ကော်ဖီကုမ္ပဏီရှစ်ခုမှ ကော်ဖီစေ့၊ ကော်ဖီမှုန့်၊ အသင့်ဖျော်ကော်ဖီ၊ လက်ဖက်ခြောက်တို့ကို အဓိကပြသထားခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.