Connect with us

Sino-Myanmar

လန်ချန်း- မဲခေါင်နိုင်ငံများအကြား နယ်စပ် ဖြတ်ကျော် တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ဆေး ထုတ်လုပ်ခြင်းဆိုင်ရာ အထူးရန်ပုံငွေစီမံကိန်း ပြီးမြောက်ခြင်း အခမ်းအနား ကျင်းပ

လန်ချန်း-မဲခေါင် နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေး ထုတ်လုပ်ခြင်းဆိုင်ရာ အထူးရန်ပုံငွေစီမံကိန်း (၂၀၂၁) စီမံကိန်းလုပ်ငန်းများ အောင်မြင်ပြီးမြောက်ခြင်း အခမ်းအနားကျင်းပစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင် နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေး ထုတ်လုပ်ခြင်းဆိုင်ရာ အထူးရန်ပုံငွေစီမံကိန်း (၂၀၂၁) စီမံကိန်းလုပ်ငန်းများ အောင်မြင်ပြီးမြောက်ခြင်း အခမ်းအနားကို နေပြည်တော်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ၏ ယနေ့(ဧပြီ ၉ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရခဲ့သည့် စီမံကိန်း (၄) ခုတွင်ပါဝင်သည့် မဲခေါင်-လန်ချန်းနိုင်ငံများအကြား နယ်စပ် ဖြတ်ကျော် တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ဆေး ထုတ်လုပ်ခြင်းဆိုင်ရာ အထူးရန်ပုံငွေစီမံကိန်း ပြီးမြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် တိရစ္ဆာန်ကူးစက်ရောဂါနှင့် တိရစ္ဆာန်နှင့်လူအကြား အပြန်အလှန်ကူးစက်တတ်သောရောဂါများ ကာကွယ်ဆေးထုတ်လုပ်ခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံကိန်း၏ အောင်မြင်မှုအထူးပြယုဂ်အနေဖြင့် မိမိတို့ဌာနတွင် အမှန်တကယ်လိုအပ်နေသော အအေးခန်းသိုလှောင်ရုံကြီးငါးခုနှင့် အရန်မီးစက် ငါးလုံးတို့ကို ကာကွယ်ဆေးများ ထုတ်လုပ်လျက်ရှိသည့် ရန်ကုန်နှင့်ပြင်ဦးလွင်ရှိ ဓာတ်ခွဲခန်းများနှင့် ကာကွယ်ဆေးများ အရေးပေါ်သိုလှောင်ရသည့် နေပြည်တော်ရုံးချုပ်တို့တွင် တည်ဆောက်နိုင်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။

တိရစ္ဆာန်ရောဂါကြိုတင်ကာကွယ်ရန် ကာကွယ်ဆေးများကို ပြည်တွင်း၌ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ စဉ်ဆက်မပြတ်ဆက်လက်ထုတ်လုပ်သွားနိုင်မည်ဖြစ်၍ မိမိတို့နိုင်ငံအပြင် အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများအတွက်လည်း အထူးအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ဓာတ်ခွဲခန်းကွန်ရက်စနစ်များကိုလည်း တည်ထောင်နိုင်ခဲ့ပြီး ကာကွယ်ဆေးများ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိသည့် ဆေးစမ်းတိရစ္ဆာန်အဆောက်အအုံ နှစ်လုံးကိုလည်း ထည့်သွင်းတည်ဆောက်နိုင်ခဲ့ကြောင်း၊ ဆေးစမ်း တိရစ္ဆာန်များ ဇီဝလုံခြုံမှုကောင်းမွန်စွာ မွေးမြူနိုင်ခြင်း၊ Animal welfare နှင့်အညီ ထိန်းသိမ်းမွေးမြူ စမ်းသပ်နိုင်ခြင်းတို့ကြောင့် ကာကွယ်ဆေးထုတ်လုပ်ရေး ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ရေးကို အထောက်အကူပြုနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လန်ချန်း- မဲခေါင်စီမံကိန်းမှ တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ဆေး ထုတ်လုပ်ခြင်းဆိုင်ရာ အထူးရန်ပုံငွေစီမံကိန်းကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် စီမံကိန်းစတင်ကြောင်း အသိပေးကြေညာခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လတွင် စီမံကိန်းပြီးစီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.