Connect with us

Sino-Myanmar

တရုတ်-မြန်မာ နှစ်နိုင်ငံအရပ်ဖက်အဖွဲ့အစည်းများက “ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား မြန်မာနိုင်ငံ၌ ကျင်းပ

“ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားအား ရန်ကုန်မြို့၌ ဇွန် ၁၉ ရက်က ကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တို့က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၁၉ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ သိရသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mrs. Qiao Li နှင့် မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဦးနု၏သမီး ဒေါ်သန်းသန်းနုတို့တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ အရပ်ဖက်အဖွဲ့အစည်းနှင့် ကုမ္ပဏီများ ၄၀ ကျော်၊ တတ်သိပညာရှင်များ၊ မီဒီယာများ၊ တက္ကသိုလ်ကျောင်းများမှ ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သံမှူး Mrs. Qiao Li က လွန်ခဲ့သည့်နှစ်ပေါင်း (၇၀) က တရုတ်-မြန်မာ ယခင်ခေါင်းဆောင်များ အတူတကွအဆိုပြုခဲ့သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက်သည် ယနေ့ခေတ်နိုင်ငံတကာဆက်ဆံရေးအခြေခံသတ်မှတ်ချက်နှင့် နိုင်ငံတကာဥပဒေ အခြေခံမူဖြစ်လာပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက်လည်း ခွန်အားများ အဆက်မပြတ် ဖြည့်ဆည်းပေးနေကြောင်း၊ တရုတ်နိုင်ငံသည် အမြဲတစေ မြန်မာနိုင်ငံပြည်သူဘက်မှ ရပ်တည်နေပြီး မြန်မာနိုင်ငံ စီးပွားရေးနှင့် ပြည်သူ့အကျိုးပြုကိစ္စရပ်များတွင် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားပြီး မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် စည်ပင်ဝပြော ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများ ခင်မင်ရင်းနှီးမှုကို တိုးမြှင့်ကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု လက်တွေ့ကျနက်ရှိုင်းလာစေရန် တွန်းအားပေး၍ နှစ်နိုင်ငံဆက်ဆံရေး၏ ပိုမိုသာယာလှပသောအနာဂတ်ကို အတူဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေါ်သန်းသန်းနုက ၎င်း၏ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဦးနုနှင့် တရုတ်နိုင်ငံခေါင်းဆောင်တို့ အတူတကွ အဆိုပြုခဲ့သည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက်၏ သမိုင်းကြောင်းကို ပြန်လည် တမ်းတကာပြောကြားပြီး တရုတ်နိုင်ငံက “Belt & Road” အဆိုပြုချက်အောက်တွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအသီးသီးနှင့် အဆက်မပြတ်နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်မှုကြောင့် အကျိုးရလဒ်များရရှိခဲ့မှုအပေါ် လှိုက်လှဲစွာဝမ်းသာ၍ ချီးကျူးကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက်၏ စိတ်ဓာတ်ကို လက်ဆင့်ကမ်းပြီး တည်ငြိမ်အေးချမ်းသည့် ကမ္ဘာကြီးကို အတူတကွတည်ဆောက်ကြရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားသို့တက်ရောက်လာသည့် ကိုယ်စားလှယ်အသီးသီးတို့မှ အမှာစကားပြောကြား ရာတွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက်ကို စွဲမြဲစွာကိုင်စွဲ၍ ပြန့်ပွားအောင်လုပ်ဆောင်ခြင်းသည် အရေးပါသောအနက်အဓိပ္ပာယ်ရှိကြောင်း၊ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ဖွံ့ဖြိုးတိုးတက်မှုကို တက်ကြွစွာ ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)